Homeသတင်းမွန်ပြည်နယ်၌ ကျောင်းသားသုံးသောင်းကျော် တိုင်းရင်းသားစာပေ သင်ကြားလျက်ရှိ

မွန်ပြည်နယ်၌ ကျောင်းသားသုံးသောင်းကျော် တိုင်းရင်းသားစာပေ သင်ကြားလျက်ရှိ

-

ယခုပညာသင်နှစ်တွင် မွန်ပြည်နယ်၌ ကျောင်းသူ ကျောင်းသား သုံးသောင်းကျော် တိုင်းရင်းသားစာပေ သင်ကြားလျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၊ ယဉ်ကျေးမှုတာဝန်ခံ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ပြောသည်။

စာအုပ်လက်ခံရရှိသော မွန်ကျောင်းသားများ(Facebook)
စာအုပ်လက်ခံရရှိသော မွန်ကျောင်းသားများ(Facebook)
ဝန်ကြီးက “ပြည်နယ်တစ်ခုလုံးမှာ စကောကရင်စာကို ယမန်နှစ် (၄၅၀၅) ဦး၊ ယခုနှစ် (၉၂၂၂) ဦး၊ အရှေ့ပိုးကရင်စာကို ယမန်နှစ် (၃၆၃) ဦး၊ ယခုနှစ် (၃၀၅၀) ဦး၊ ပအိုဝ့်စာကို ယမန်နှစ် (၁၆၆၅) ဦး၊ ယခုနှစ် (၁၃၇၀) ဦး၊ မွန်စာကို ယမန်နှစ် (၂၀ဝ၉၅) ဦး၊ ယခုနှစ် (၁၉၃၆၉) ဦး သင်ကြားပေးခဲ့၊ သင်ကြားပေးလျက် ရှိပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၊ ၄၊ ၅ ရက်နေ့များတွင် ကျင်းပသည့် ပထမအကြိမ် ပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ပထမနေ့၌ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအောင်နိုင်ဦး၏ တိုင်းရင်းသား စာပေသင်ကြားမှု အခြေအနေနှင့် ပတ်သက်သည့် မေးမြန်းချက်ကို ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

သို့သော်လည်း ထိုမျှလောက်သော ကျောင်းသူ ကျောင်းသား အရေအတွက်ကို အစိုးရ အထောက်အပံ့ရ တိုင်းရင်းဘာသာသင် ကျောင်းဆရာများကသာ သင်ကြားပေးခြင်း မဟုတ်ဘဲ အားလုံးနီးပါးမှာ သက်ဆိုင်ရာ တိုင်းရင်းသားတို့က မိမိတို့ အစီအစဉ်ဖြင့် သင်ကြားနေကြခြင်း ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်၌ တိုင်းရင်းသားစာပေ သင်ကြားပေးသည့် အစိုးရ အထောက်အပံ့ရ ကျောင်းဆရာ (၃၂) ဦးသာ ရှိပြီး၊ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် (၈၂) ဦးသာ ရှိကြောင်း ဝန်ကြီးက ပြောသည်။ သို့သော်လည်း ထိုကျောင်းဆရာများမှာ ယခုပညာသင်နှစ်တွင် အထောက်အပံ့ မရရှိသေးကြောင်း သိရသည်။

ဒေါက်တာအောင်နိုင်ဦးက “လက်ရှိ ကျွန်တော်တို့ (ချောင်းဆုံ) မြို့နယ် မှာဆိုရင် ကျောင်းပေါင်း ၃၇ ကျောင်း၊ ဆရာ ဆရာမ ၈၀ ကျော်လောက် ဒီကနေ့အထိ အထောက်အပံ့ မရသေးဘူး” ဟု ပြောသည်။

အထက်ပါ အစိုးရ အထောက်အပံ့ ခံစားခွင့် ရှိသည့် တိုင်းရင်းဘာသာသင် ကျောင်းဆရာ ၈၂ နှစ်ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၁၇,၃၈၂,ဝ၀ဝ) ကို ခွဲဝေချထားပေးရန် အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနသို့ တင်ပြတောင်းခံထားပြီး၊ ခွဲဝေချထားပေးပါက တပေါင်းတည်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးက ပြောသည်။

၂၀၁၄- ၂၀၁၅ ပညာသင်နှစ်၌ မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသား ပညာရေးဌာန၏ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ မွန်အမျိုသားကျောင်း ၁၄၂ ကျောင်း၊ အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့် ကျောင်း ၁၀၇ ကျောင်း၊ ဆရာ/ဆရာမပေါင်း ၈၀ဝ ကျော်နှင့် ကျောင်းသူ/သား ဦးရေ သုံးသောင်းကျော် ရှိပြီး ၎င်းအနက် ထက်ဝက်ကျော်မှာ မွန်ပြည်နယ်တွင် တည်ရှိသည်ဟု ၎င်းတို့၏ စာရင်းဇယားမှတ်တမ်းအရ သိရသည်။

အလားတူ စကောကရင်စာပေ၊ အရှေ့ပိုးကရင်စာပေနှင့် ပအိုဝ့်စာပေသင် ကျောင်း အချို့သည်လည်း မိမိအစီအစဉ်ဖြင့် သင်ကြားလျက် ရှိသည်။

မွန်ပြည်နယ်တွင် စကောကရင်စာပေကို ဘီးလင်း၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်းကောင်း၊ အရှေ့ပိုးကရင်စာပေကို ဘီးလင်း၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင်လည်းကောင်း၊ ပအိုဝ့်စာပေကို ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင်လည်းကောင်း၊ မွန်စာပေကို ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်းကောင်း သင်ကြားလျက် ရှိသည်။

တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်း၊ မူလတန်းအဆင့်များတွင် သင်ကြားရေးနှင့် ပတ်သက်ပြီး ယဉ်ကျေးမှုတာဝန်ခံ ဝန်ကြီးအနေနှင့် ယခုနှစ် ဇွန်လအတွင်းတွင် မြို့နယ်များအတွင်းရှိ တိုင်းရင်းစာပေ သင်ကြားရေး ညှိနှိုင်းရေး ကော်မတီများ၊ အခြေခံပညာသင်ကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts