Homeသတင်းသံဖြူဇရပ်မြို့နယ်၊ ကော့လေးတံတား ဘတ်ဂျက်မရှိ၍မပြုပြင်နိုင်

သံဖြူဇရပ်မြို့နယ်၊ ကော့လေးတံတား ဘတ်ဂျက်မရှိ၍မပြုပြင်နိုင်

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကော့လေးကျေးရွာရှိ ရွာအဝင်တံတား ပျက်စီး နေသည့်ကိစ္စကို မွန်ပြည်နယ်အစိုးရက အသစ်ပြန်လည်တည်ဆောက်ပေးမည်ဟုကတိပေးထားသော်လည်း ယနေ့အထိ အကောင်အထည်ဖော်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတံတားပြုပြင်ရန် ပြည်နယ်လွှတ်တော်အမတ် ဦးနိုင်ဦးက မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတောင်ဆိုခဲ့ရာ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အသစ်ပြန်လည် တည်ဆောက်ရန် ကတိပေးခဲ့ခြင်း ဖြစ်သည်။

ဦးနိုင်ဦးက “ ဒီတံတားပြုပြင်ဖို့ မနှစ်ကတည်းက လွှတ်တော်မှာတင်ထားတယ်၊ ပြည်သူ့ လွှတ်တော်အမတ် နိုင်သိန်းအောင်လည်း နေပြည်တော်ကို တင်ပြထားတယ်၊ ပြည်ထောင်စု အစိုးရအနေနဲ့ အသစ်ပြန်ဆောက်ပေးဖို့ ကတိပေးထားပေမယ့်၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကျလာတဲ့ အချိန်မှာ ဒီတံတားအတွက် ပါမလာဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် နဝမအကြိမ် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်လည်း တံတားတည်ဆောက်ရေး စီမံကိန်းကို အထူးပြု၍ ပြည်နယ်အစိုးရ ထံ အဆိုပြုတင်သွင်းခဲ့သော်လည်း အကောင်အထည်ဖော်ရန် အစီအစဉ်မရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သို့ ဆက်လက်တင်ပေးသွားမည်ဟု ပြည်နယ်အစိုးရက ပြောကြားခဲ့ကြောင်း ဦးနိုင်ဦးက ဆက်ပြောသည်။

ကော့လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းသန်းက “ဒီတံတားယိုယွင်းနေတာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းကပဲ၊ ဒီနှစ်တော့ အခြေ အနေပိုဆိုးလာတယ်၊ ဖြတ်သန်းသွားလာလို့ရအောင် ရွာအင်အားနဲ့ပြင်ထားပေမယ့် ကုန်ပစ္စည်းတင်တဲ့ကားတွေဆိုရင် လုံးဝဖြတ်လို့ မရတော့ဘူး၊ ပစ္စည်တွေအကုန်ချရတယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့တောင်ဘက်ခြမ်းနှင့် မီးရထားလမ်းအနောက်ဘက်ရှိ ကျေးရွာ (၁၀) ရွာခန့်က အဆိုပါတံတားကို နေ့စဉ်ဖြတ်သန်း၍ သံဖြူဇရပ်၊ မော်လမြိုင်မြို့များသို့ ဆက်သွယ်သွားလာနေရသဖြင့် ဒေသခံများအတွက် အလွန်အရေးပါကြောင်း ၎င်းက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ တစ်လလောက်ကပဲ နွာလှည်းတစ်စီး ပြုတ်ကျပြီးပြီး၊ ဒီတံတားကပဲ မဖြစ်မနေသွားရမယ်ဆိုတော့ ကြောက်ကြောက်နဲ့ပဲ ဖြတ်သွားနေရတယ်” ဟု ကျေးရွာဒေသခံ ဦးကော်က ပြောသည်။

အဆိုပါကော့လေးတံတားမှာ အရှည် (၁၆၀) ပေ၊ အကျယ် (၁၄) ပေရှိ၍ ၂၀ဝ၀ ခုနှစ်တွင် သစ်သားဖြင့်တည်ဆောက်ခဲ့ရာ ယခုအခါ ကွန်ကရစ်တံတားသစ် ပြန်လည်တည်ဆောက်ရန် ဘတ်ဂျက်ငွေ ကျပ်သိန်း (၁၆၀ဝ) ခန့်မှန်းထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts