Homeသတင်းမွန်သစ်သားတံတား ပြန်လည်ဖွင့်လှစ်

မွန်သစ်သားတံတား ပြန်လည်ဖွင့်လှစ်

-

ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နှင့် ဝင်းကမွန်ရွာတို့အား ဆက် သွယ်ထားသော ထိုင်းနိုင်ငံ၏အရှည်ဆုံး မွန်သစ်သားတံတား Mon Wooden Bridge ကို အောက်တိုဘာ ၁၈ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့ကို တွေ့ရှိရသည်။

ပျံလွန်တော်မူခဲ့သည့် အထင်ကရမွန်ဆရာတော်ဥတ္တမ ဦးဆောင်ဆောက်လုပ်ခဲ့သော သက်တမ်း နှစ်ပေါင်း ၃၀ ခန့်ရှိ အဆိုပါသစ်သား တံတားသည် ၂ဝ၁၃ ဇူလိုင် ၂၈ ရက်နေ့တွင် မိုသည်းထန်စွာရွာသွန်းခဲ့ရာ တံတားအလယ် ၇၀ မီတာခန့် ကျိုးပြတ်ကျခဲ့ပြီး ထိုင်းအစိုးရ က ဘတ်ငွေ ၁၆ သန်းကျော် အကုန်ကျခံကာ ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနား စီစဉ်ဆောင်ရွက်သူ မိအရန်ယာက “တံတားပေါ်ကနေ မနက်ပိုင်းမှာ ဘုန်းတော်ကြီးတွေကို ဆွမ်းလောင်းလှူကြ တယ်၊ မွန်းလွဲပိုင်းမှာ အာဏာပိုင်တွေနဲ့ ဒေသခံတွေ အဆိုအကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တံတားပေါ်ဖြတ်လျှောက်ကြပြီး ညပိုင်းမှာ ဖွင့်ပွဲအခန်းအနားလုပ်တယ်” ဟု ပြောသည်။

အဆိုပါ တံတားဖွင့်ပွဲသို့ ထိုင်းအာဏာပိုင်များ၊ ဒေသခံ မွန်၊ ကရင်၊ ထိုင်းလူမျိုးများ စုစုပေါင်း ၁ သောင်းနီးပါး ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိရပြီး ညပိုင်း၌ မွန်၊ ကရင်၊ ထိုင်းရိုးရာယဉ်ကျေးမှုအကများ၊ တက္ကသိုလ် ကျောင်းသူ\ သားတို့က တံတားတည်ဆောက်ခဲ့ပုံ တေး သရုပ်ဖေါ်နှင့် ထိုင်းစစ်သည်တို့၏တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

လက်ရှိ ဝင်းကကျောင်းထိုင်ဆရာတော် မဟာစုချပ် သိရိဗန်ယို၊ ကန်ချနပူရီအခြေစိုက် ထိုင်းတပ်မ (၉) ဗိုလ်ချုပ် နတ်အင်ထရဂျရိမ် Gen. Nat Indhrachareon ကန်ချနပူရီခရိုင်ဝန် နိုင်ဝမ်ချိုင် Mr. Wanchai O Sukontip တို့က ည ၈ နာရီအချိန်တွင် စက်ခလုတ်ဖြင့် အခန်းအနားဖွင့်လှစ်သည်တပြိုင်နက် ရောင်စုံမီးပန်းများ ကောင်းကင်အနှံ့ ပစ်ဖေါက်ခဲ့ကြသည်။

ဒေသခံ ဝင်းကရွာသူ မိရတ်ချိုင် က “ဒီလိုအခန်းအနားမျိုး ဒီနေရာမှာကျင်းပတာ ဒါပထမဆုံးအကြိမ်ပါပဲ၊ နောင်နှစ်တွေမှာလည်း အခုလိုကျင်းပနိုင်ရင် သိပ်ကိုစည်ကားတဲ့နေရာ ဖြစ်လာမှာ၊ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေလည်း ဒီထက်ပိုများလာမယ်လေ” ဟု ဆိုသည်။

အဆိုပါသစ်သားတံတားကို ပျဉ်းကတိုးသစ်များဖြင့် အခိုင်အမာတည်ဆောက်ထားရာ အရှည် ၈၅၀ မီတာ၊ အနံ ၄ ဒဿမ ၅ မီတာ၊ အမြင့်ဆုံးနေရာ ၃၅ မီတာခန့်ရှိပြီး သစ်တန်ချိန် ၂၀ဝ ဝန်းကျင်ခန့်အသုံးပြုထားသည်ဟု မှတ်တမ်းများတွင် ဖေါ်ပြသည်။

ဝင်းကရွာတွင် မွန်သစ်သားတံတား၊ ဝင်းကရွာဟောင်း၊ ဆရာတော်ဦးဥတ္တမကျောင်းတော်၊ ဗုဒ္ဓဂါယာစေတီတို့ဖြင့်ထင်ရှားလျှက်ရှိရာ စနေ၊ တနင်္ဂနွေနှင့် အလုပ်ပိတ်ရက်များတွင် ခရီးသွားဧည့်သည်များ စံခလပူရီမြို့သို့ လာရောက်လည်ပတ်ကြပြီး မော်တော်လှေငယ်များ နှင့် ရွေ့လျားရေပေါ်အိမ်ဖောင်များ၌ အပမ်းဖြေလေ့ရှိကြသည်။

ဝင်းကရွာသည် အိမ်ခြေ ၂ ထောင် ကျော်ရှိကာ မွန်လူမျိုးများ အဓိကနေထိုင်ကြပြီး မွန်ယဉ်ကျေးမှုရွာဟုလည်း တင်စားခေါ်ဆိုကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts