ကွမ်ရိုက်ကျေးရွာ၊ ဒရယ်ကွင်းတွင် လယ် ၁၅ ဧကခန့် လုပ်ကိုင်နေသော ဒေါ်တင်မြက “ကျမလယ်ကွက်မှာဆိုရင် စပါးအစေ့တွေထွက် ပေမယ့် စပါးနို့ရည်က လုံးဝကို မရှိဘူး” ဟု ပြောသည်။
စပါးနှံထဲမှ အဆံထွက်မည့် ဆဲဆဲအချိန်တွင် ၄င်း၏ စပါးခင်းတွင် စပါးဖျက်ပိုးကျရောက်ခဲ့ရာ စပါးအဆစ်တွင် ပိုးကိုက်လိုက်သည့် အတွက် စပါးနှံအပေါ်ပိုင်းခြောက်သွားပြီး ၄င်းအဆစ်တွင် အဖြူရောက်ရှိသောပိုးကို တွေ့ရသည်ဟု ဆိုသည်။
“စပါးနှံတော့ တွေ့တယ် အဆံမရှိတဲ့စပါးတွေချည်းပဲ ဖြစ်နေတယ်၊ လယ်ခင်းတွေအားလုံးလိုလိုမှာ မဖြစ်တဲ့လယ်က မရှိသလောက်ပဲ” ဟု ၄င်းက ဆိုသည်။
စပါးခင်းများ မပျက်စီးခင်တွင် စိုက်ပျိုးရေးဌာနမှ ဖျက်ပိုးအန္တာရယ်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ယခုကဲ့သို့ စပါးဖျက်ပိုး ရောဂါဖြစ်ခဲ့ကြောင်း ကွမ်ရိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းတင်ညွှန့်က ပြောသည်။
“တစ်ခါမှ ဒီလိုမကြုံဖူးဘူး ကျနော်လယ်မှာ၊ ခါတိုင်းနှစ်ဆိုရင် အနှံထွက်နေပြီ၊ အခုဟာက စပါးပင်မှာ အစေ့တွေ မပေါ်သေးဘူး” ဟု ညောင်လမ်းကွင်းမှ ဦးကျော်ငွေက ပြောသည်။
လက်ရှိစပါးဖျက်ပိုး ကျရောက်နေသောစပါးခင်းများတွင် ပေါ်ဆန်းမွှေးစပါးပြီးပါက ကမာကြည်နှင့် ဘန်ကောက်တို့ ဖြစ်နိုင်ကြောင်း၊ ယခုလောလောဆယ်တွင် အဆိုပါစပါးမျိုးတို့တွင် ဖျက်ပိုး ကျရောက်နိုင်သည့် အရိပ်အမြွက်များ စတွေ့နေကြောင်း ဦးမင်းတင်ညွန့်က ဆိုသည်။
“ကွမ်ရိုက်ကွင်းမှာလည်း ပိုးကျတယ်၊ အဲဒီမှာ ၆၇၁ ကွင်းကတော့ အထိနာဆုံးပဲ” ဟု ၎င်းက ဆိုသည်။
စပါးဆစ်ပိုးရောဂါကျသောရွာများမှာ ချောင်းဆုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အဖြစ်များပြီး ကပ်မျိုးမျိုးကြောင့် ပျက်စီးခံရသော လယ်မြေဧက ၃၉၀ ခန့်ကိုသာ သက်ဆိုင်ရာဌာနသို့ တင်ပြနိုင်သေးသည်။
“အခုအချိန်အထိက စပါးရဲ့ သန္ဓေတည်စတွေ အဲဒီလက္ခဏာတွေ အခုထိမပေါ်သေးဘူး၊ ဒါပေမယ့် ရလဒ်အနေနဲ့က ပိုးထိပြီး ထိခိုက် ပျက်စီးပြီးလို့ ကျနော်တို့ မမှတ်နိုင်သေးဘူး၊ အခုအရိပ်အယောင်ဆိုရင် စပါးပင်တွေက လှနေတုန်းပဲ၊ ထိနေပြီးလာ ဆိုတဲ့သံသယစိတ်နဲ့ နောက်ဆက်တွဲစပါးမျိုးတွေ အထူးသဖြင့် ကမာကြည်မျိုးတွေ၊ ခါတိုင်းနှစ်ဆိုရင် အခုအချိန်က အဆံထွက်ဖို့ ပြူးထွက်နေပြီ၊ အခုက လုံးဝမတွေ့ဘူး၊ အရွက်တွေပဲ ဖြားကျနေတယ်၊ အားမရှိသလို ဖြစ်နေတယ်” ဟု ဦးမင်းတင်ညွန့်က ဆက်ပြောသည်။
အလားတူ လွန်ခဲ့သည့် ဇူလိုင်လတွင်လည်း ဘီးလူကျွန်း (ချောင်းဆုံမြို့နယ်) ရှိ ကျေးရွာ လယ်ကွက်များတွင် စပါးပင်ကို ကိုက်ဖြတ်စားသောက်သည့် ခရုတမျိုး၏ ဖျက်ဆီးခြင်းကြောင့် လယ်ဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။