Homeသတင်းDKBA နှင့် အစိုးရတပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွား၊ အရပ်သားများထိခိုက်သေဆုံး

DKBA နှင့် အစိုးရတပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွား၊ အရပ်သားများထိခိုက်သေဆုံး

-

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နှင့် အစိုးရတပ်မတော်စစ်ကြောင်း များအကြား အောက်တိုဘာ ၁၁ ရက်နေ့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှုများဖြစ်ပေါ် ခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်မြို့မော်တော်ကားလမ်းမကြီးဖြတ်သန်းရာ ဒေါနတောင်ပေါ်ရှိ အလယ်ဗိုလ်တဲစခန်း၌ နံနက် ၁၁ နာရီကျော်ခန့်တွင် အဝေးမှပစ်ခတ်သော ၈၁ မီလီမီတာ မော်တာကျည်တစ်လုံးပေါက်ကွဲသဖြင့် ကလေးတစ်ဦးအပါအဝင်လူ ၄ ဦး သေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်ဆေးရုံဝန်ထမ်းတစ်ဦးထံမှ သိရသည်။

သူက “ အဲဒီအနီးဝန်းကျင်မှာ တိုက်ပွဲသံမကြားရပါဘူး- အဝေးကလက်နက်ကြီးနဲ့ ထုလိုက်တာ အလယ်ဗိုလ်တဲဈေးဆိုင်တန်းနေရာမှာ ကျပေါက်ကွဲပြီး နားနေတဲ့ခရီးသည်တွေကို ထိမှန်တယ်၊ ၃ ယောက်ပွဲချင်းပြီး သေတယ်၊ ဒီဆေးရုံမှာ တစ်ယောက်ထပ်ဆုံးပါးပြန်တယ်” ဟု ပြောသည်။

ထို့နောက် ဒဏ်ရာပြင်းထန်သူအချို့ကို ဘားအံဆေးရုံသို့ ဆက်လက်ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

DKBA ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “အဲဒီမှာပေါက်ကွဲတာက ၈၁ မမလို့ဆိုတယ်၊ ကျနော်တို့ရှိနေတဲ့ နေရာကနေ ပစ်လို့မရောက်နိုင်ပါဘူး၊ ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေများတယ်၊ ဘယ်အဖွဲ့ကပစ်ခတ်တာကို သိဖို့ မလွယ်ဘူး” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုသည် မိမိတို့ DKBA အဖွဲ့မဟုတ်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က လွတ်လပ်သောမွန်သတင်း အေဂျင်စီ IMNA သို့ ငြင်းဆိုသည်။

အလားတူ ထိုနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်၊ ကန်ညီနောင်ရွာတွင်အစိုးရတပ်နှင့် DKBA ကြား လက်နက်ကြီးများ အပြင်းအထန် ပစ်ခတ်ကြသဖြင့် ရွာမီးလောင်ပြီး ဒေသခံများထွက်ပြေးနေရကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၀ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့အနီးတွင် အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပေါ်နေ စဉ် လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသတွင်လည်း ဒီကေဘီအေ ဗိုဘ်မှူးကြီးစောဘိအဖွဲ့နှင့် အစိုးရတပ်များ နေရာ ၃ ခုတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒီကေဘီအေအရာရှိတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မွန်ပြည်နယ်အတွင်း စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကျိုက်မရော မြို့နယ် ရွှေဝါချောင်းကျေးရွာ အနီး၌လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေးရွာ ၌လည်းကောင်း DKBA ကလို့ထူးဘောအဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts