Homeသတင်းညီညွတ်သော တိုင်းရင်းသားလူငယ်များဖိုရမ် ဖွဲ့စည်းပြီး

ညီညွတ်သော တိုင်းရင်းသားလူငယ်များဖိုရမ် ဖွဲ့စည်းပြီး

-

ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူငယ်အဖွဲ့များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူငယ်များဖိုရမ် (United Nationalities Youth Forum) ကို အောက်တိုဘာလ ၁ ရက်နေ့တွင်ပြီးဆုံးသည့် တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲ၌ ဖွဲ့စည်းလိုက်သည်။

မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် စက်တင်ဘာလ ၂၉ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့ သည့် နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်ပြီးနောက် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ မိမရက်မူ က “လုပ်ငန်းကော်မတီကို လာမယ့်လ အစည်းအဝေးမှာပဲ ဖွဲ့စည်းသွားမယ်၊လော လောဆယ် ကျွန်မတို့ MYPO (တိုးတက်သောမွန်လူငယ်များ အစည်းအရုံး) ကပဲ ဦးဆောင်ပြီး မွန်ပြည်နယ်မှာပဲ ဆက်လုပ်သွားဖို့ ဆုံး ဖြတ်ထားတယ်၊ နေရာကတော့ မသတ်မှတ်ရသေးဘူး” ဟု ပြောသည်။

နှီးနှောဖလှယ်ပွဲတွင် လက်ရှိ မြန်မာ့ပြည်တွင်းရေးရာကိစ္စ တိုင်းရင်းသားရေးရာ လူငယ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်နှင့် ပညာရေးကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ ကြသည်ကို တွေ့ရသည်။

NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ စည်းရုံးရေးမှူး ကိုကျော်ဇေယျ က “အခုလို တိုင်းရင်းသားတွေ ဒီလိုတွေ့ဆုံနိုင်တာ အားရပါတယ်၊လုပ်ငန်း လိုအပ်ချက်တော့ ရှိကောင်း ရှိပါလိမ့်မယ်၊ ဒါပေမဲ့ လုံးဝမတွေ့တာထက်စာရင် တိုင်းရင်းသားတွေ အားလုံး ဒီလိုတွေ့ပြီး အဖြေရှာတဲ့ အလေ့အကျင့်တွေ ကျွန်တော်တို့ နိုင်ငံမှာ ရသွားတာ အရှည်သဖြင့်တော့ ကောင်းပါတယ်” ဟု ပြောသည်။

လာမည့်နိုဝင်ဘာလဆန်းတွင် ဖိုရမ်၏ ပထမအကြိမ် တွေ့ဆုံပွဲတွင် လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး လူငယ်နှင့် ပညာရေးကဏ္ဍ/ မိခင် ဘာသာစကားဖြင့် သင်ကြားမှု လူငယ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်လုပ်ငန်းစဉ်တို့ကို ဦးစားပေး အကောင်အထည်ဖော်ရန်အတွက်လည်း ဆုံးဖြတ်ခဲ့ကြသည်။

ချင်းတောင်သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ ကိုအမ်းပီး ကလည်း “ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာတောင် စကားပြောတဲ့အချိန်တွေ အရမ်းနည်းတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးတယ်ဆိုရင်တောင်မှ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ဟာ လူငယ်တဲ့ သက်ဆိုင်တဲ့ဟာ၊ တကယ်တန်း ရင်းရင်းနှီးနှီးနဲ့ နှီးနှောတိုင်ပင်ဆွေးနွေးကြတာ နည်းတယ်၊ ဒီလိုပွဲမျိုးစီစဉ်တာ အရမ်းကောင်းပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသား သမဂ္ဂအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ လူငယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းပေါင်း (၃၁) ဖွဲ့မှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၇) ဦး တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts