ခေါဇာမြို့ အောက်ကျောင်း(ဘုန်းတော်ကြီးကျောင်း) ၌ မဟာဒုတ်အလှူဆွမ်းကိစ္စဝေယျာဝစ္စများ စီစဉ်နေကြသော မြို့မျက်နှာဖုံး ခြံမြေပိုင်ရှင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား ရွေးချယ်ကာ ညအချိန် ၈ နာရီခန့်တွင် တိတ်တဆိတ်ခေါ်သွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
သူက “ဘုန်းကြီးကျောင်း မဟာဒုတ်အလှူလုပ်ဖို့ပြင်ဆင်နေတဲ့ချိန်မှာ ၆ ယောက်စလုံးကို တစ်ချိန်တည်းမှာ ခေါ်သွားတယ်၊ စစ်တပ်နဲ့ ရဲစခန်းရှိတာတောင်မှ ဒီလောက်အထိအတင့်ရဲတာ” ဟု ပြောသည်။
ပြန်ပေးဆွဲခံရသူများအနက် အသက် ၆၀ အရွယ်လူကြီးတစ်ဦးနှင့် နို့စို့အရွယ်ခလေးမိခင်တစ်ဦးတို့အား ဖမ်းဆီးပြီးတစ်ရက်အကြာတွင် ခေါဇာမြို့၏ အရှေ့တောင်ဘက် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ကျေးရွာအနီး ပြန်လွှတ်ပေးခဲ့ သည်ဟု ဆိုသည်။
လက်ရှိပြန်ပေးဓါးစာခံများအား ငွေမည်မျှတောင်းခံထားသည်ကို ကာယကံရှင်များနှင့်နီးစပ်သူမိသားစုများ ထုတ်ဖေါ်ပြောကြားခြင်းမရှိ သော်လည်း ပြီးခဲ့သည့်မေလတွင် ခေါဇာမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းထံသို့ မြို့ခံများအနေဖြင့် ငွေကျပ်သိန်း ၄၀ဝ ဆက်ကြေးပေးဆောင်ရန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေတောင်းခံစာများ ပေးပို့ခဲ့သည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။
ရေးမြို့နယ်ခံ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦး က “ပြန်ပေးဆွဲသွားတဲ့သတင်း အသိပေးလာတာရှိတယ်၊ ဘယ်အဖွဲ့က ဘယ်နေရာ ခေါ်သွားသလဲဆိုတာ သတင်းစုံစမ်းဆဲပဲ၊ ဓါးစာခံတွေက ပြန်ပေးသမားလက်ထဲမှာဆိုတော့ အချက်အလက်အပြည့်အစုံကိုလည်း ပြောလို့မဖြစ်သေးဘူးလေ” ဟု ပြောသည်။
ရေးမြို့နယ် တောင်ပိုင်းနှင့်နယ်မြေထိစပ်နေသော ရေဖြူမြို့နယ် မြောက်ပိုင်းဒေသတဝိုက်တွင် နိုင်ဆောင်း၊ နိုင်ချမ်းဒိန်းနှင့် နိုင်လွန် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ငယ်များ လှုပ်ရှားလျက်ရှိပြီး ဒေသခံများကို ဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။
ခေါဇာမြို့သည် ရေးမြို့ တောင်ဘက် ၂၄ မိုင်အကွာတွင် တည်ရှိရာ ၂၀ဝ၀ ခုနှစ်နောက်ပိုင်းတွင် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြှင့်သတ်မှတ်ခံရပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအပြင် ခလရ ၃၁ တပ်ရင်း အခြေစိုက်ရာ မြို့လည်းဖြစ်သည်။