Monday, March 16, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းများ ထပ်မံတင်သွင်း

    ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းများ ထပ်မံတင်သွင်း

    -

    ကျင်းပဆဲ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ၃ ခုတင်သွင်းခြင်း မေးခွန် ၁၁ ခုမေးမြန်ခြင်းနှင့် အဆိုတစ်ခုကို တင်သွင်းခဲ့ကြောင်း သိရသည်။

    စက်တင်ဘာ ၅ ၇က်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး ပထမရက်တွင် မြို့နယ် ခြောက်မြို့နယ်မှ တင်သွင်းသည့်ဥပဒေကြမ်း ၃ ခုမှာ မွန်ပြည်နယ် လမ်း/တံတားများဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေနှင့် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်းရေးဥပဒေတို့ဖြစ်ကြောင်း သိရသည်။

    သထုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ဦးသိန်းဇော်က “ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ဥပဒေပြုရေးကော်မတီဝင် ဦးချမ်းမြင့်က တိုင်းရင်းဆေးဝါးဥပဒေကြမ်း၊ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က တိရစ္ဆာန်မွေးမြူရေးနဲ့ စနစ်တကျထိန်းကျောင်းရေးဥပဒေကြမ်းကို တင်သွင်းခဲ့တယ်” ဟု ပြောသည်။

    အလားတူ ပထမနေ့ လွှတ်တော်အစည်းအဝေးတွင် ကျိုက်ထို၊ ကျိုက်မရော၊ သံဖြူဇရပ်၊ သထုံမြို့နယ်၊ ရေးနှင့် ပေါင်မြို့နယ်တို့မှ လောင်ကစားဂိမ်း၊ ဆက်သွယ်ရေး၊ လယ်ယာမြေပြဿနာ၊ ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ တိုင်းရင်းသားဘာသာ သင်ကြားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကိစ္စများနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။

    ဒုတိယနေ့တွင် မေးခွန်းများ ဆက်လက်မေးမြန်ရာတွင်လည်း ကျိုက်မရော၊ ကျိုက်ထို၊ သံဖြူဇရပ်၊ သထုံ၊ ရေးမြိုနှင့် ပေါင်မြို့နယ်တို့မှ ပညာရေး၊ စိုက်ပျိုးမြေ၊ တံတားဆောက်လုပ်ခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ အလုပ်သမားများအတွက် လုံခြုံရေး၊ စားကျက်မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့သည်။

    သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက မွန်ပြည်နယ် အတွင်းရှိ လယ်သမားများအား လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် များကို ၂၀၁၃ ခုနှစ်မှစ၍ထုတ်ပေးနေကြောင်း၊ လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ရှိခြင်းကြောင့် အဆိုပါ ဥပဒေအရ အကျိုးခံစားရမည် ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း လယ်ယာလုပ်ပိုင်ခွင့် လက်မှတ် မည်မျှထုတ်ပေးပြီး ထုတ်ပေးရန် ကျန်ရှိနေသော လယ်သမားများအား အမြန်ဆုံး ထုတ်ပေးရန် ရှိမရှိ မေးမြန်းခဲ့သည်။

    ထုတ်ပေးရန် ကျန်ရှိနေသော လယ်ယာမြေများသည် ဒေသခံတောင်သူများအနေဖြင့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံကိန်းခွဲမှုများနှင့်အတူ ပူးပေါင်းပါဝင်ပြီး မြေနယ်နိမိတ်ပြသပေးခြင်းကို ကူညီဆောင်ရွက်ပေးမှသာလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို အမြန်ဆုံးထုတ်ပေးနိုင်ပါကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦး၏အမေးကို မွန်ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ဖြေကြားခဲ့သည်။

    ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသော သံဖြူဇရပ်မြို့နယ် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးခြင်း အခမ်းအနားတွင် ၁၀ဝ ရာခိုင်နှုန်း ထုတ်ပေးပြီးကြောင်းကြေညာခဲ့သော်လည်း ၅၀ ရာခိုင်နှုန်းမကျော်သေးသော ကျေးရွာများစွာရှိကြောင်း ဦးနိုင်ဦးက လွှတ်တော်တွင် တင်ပြခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် မြေကြီးမြေပုံ မှန်ကန်မှုနည်းပါးပြီး နယ်မြေဒေသများမှာလည်း သွားလာရလွယ်ကူမှု မရှိသော တောင်သူများအတွက် ဒုတိယအဆင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ဦးပိုင်ပေါင်း ၆၉၅၆ ခု၊ ရာခိုင်နှုန်းအားဖြင့် ၅၇.၁၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြည်နယ်ဝန်ကြီး ဦးမျိုးညွန့်က ဖြေကြားခဲ့သည်။

    “အစည်းအဝေးသို့ တက်ရောက်ခွင့်ပြုသူ စုစုပေါင်း၏ ၉၆.၆၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်း” ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ဆိုသည်။

    ပြည်နယ်လွှတ်တော်ခန်းမတွင် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ် ၃၀ အနက် ၂၉ ဦးတက်ရောက်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks