Wednesday, April 15, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တဝိုက်တွင် တရုတ်လုပ်ငန်းရှင်များ မြေယာဝယ်နေကြပြီ

    ရေးမြို့နယ်တဝိုက်တွင် တရုတ်လုပ်ငန်းရှင်များ မြေယာဝယ်နေကြပြီ

    -

    လမ်းခင်းကျောက်ထုတ်လုပ်မည်ဟုဆိုကာ တရုတ်စီးပွားရေး လုပ်ငန်းရှင်များက မွန်ပြည်နယ်၊ ရေးမြို့နယ်အနီးတဝိုက်တွင် မြေယာများကို ဝယ်ယူထားကြသည်ဟု မျက်မြင်တွေ့ရှိချက်အရ သိရသည်။

    ထိုသို့ မြေယာများဝယ်ယူထားကြရာ လမ်းဖောက်လုပ်နေမှုကို တားမြစ်ထားပြီး၊ ခွင့်ပြုသွားမည် မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရ၊ ရေးမြို့နယ် တာဝန်ခံ နိုင်လဝီအောင် က ပြောသည်။

    “အံဒင်ဘက်မှာ စက်ယန္တရားတွေနဲ့ လမ်းတွေဖောက်နေပြီ။ ပြည်နယ်အစိုးရက ခွင့်ပြုထားတာ မရှိလို့ ဆက်မလုပ်ဖို့ တားမြစ်ထားတယ်” ဟု နိုင်လဝီအောင် က ပြောသည်။

    တရုတ်စီးပွားရေး လုပ်ငန်းရှင်များက နီးစပ်ရာဒေသခံအချို့၏ အကူအညီဖြင့် ရေးမြို့နယ် အံဒင်ကျေးရွာနှင့် ဟံဂံကျေးရွာအနီးတဝိုက်တွင်လည်းကောင်း၊ ခေါဇာမြို့နယ်ခွဲဝန်းကျင်တွင်လည်းကောင်း မြေဧကများစွာ ဝယ်ယူထားပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

    “သူတို့ (တရုတ်စီးပွားရေး လုပ်ငန်းရှင်) ကိုယ်တိုင် လာဝယ်တာ မဟုတ်ဘူး။ ဒီရွာက လူတွေပဲ သူတို့အတွက် ဝယ်ပေးတာ။ ဈေးကောင်းပေးတော့ တစ်ချို့က ရောင်းကြတယ်။ တစ်ချို့ကတော့ မရောင်းကြဘူး” ဟု အံဒင်ကျေးရွာခံတစ်ဦးက ပြောသည်။

    ၎င်းတို့၏ ပြောကြားချက်အရ တရုတ်လုပ်ငန်းရှင်ပိုင် CONCH ကုမ္ပဏီက အံဒင်ကျေးရွာအနီးရှိ ကုန်းမြင့်ပေါ်တွင် မြေ ၃၇ ဧကကို ငွေကျပ် ၂၂၅၀ သိန်းဖြင့် ဝယ်ယူထားသည့်အပြင် အခြားကျေးရွာများတွင်လည်း ဝယ်ယူထားခြင်း ရှိကြောင်း သိရသည်။

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA အနေဖြင့် သွားရောက်လေ့လာရာတွင် ကျောက်ထုတ်လုပ်ရန်အတွက် အံဒင်ကျေးရွာအနီးတွင် ဝယ်ယူထားသည့် နေရာသည် ပင်လယ်ကမ်းစပ်နှင့် မိုင်ဝက်ခန့်သာ ကွာဝေးပြီး လမ်းဖောက်လုပ်မှုမှာ ပြီးစီးလုနီးပါး ဖြစ်သည်ကို တွေ့ရှိရသည်။

    လက်ရှိတွင် ပြည်နယ်အစိုးရက တားမြစ်ထားသည့်အတွက် လမ်းဖောက်လုပ်မည့် စက်ယန္တရားများမှာ ကမ်းစပ်အနီးတွင် ရပ်နားထားရသည်။

    အံဒင်ကျေးရွာ (ဖာလိန်ဒေသ) သည် ရေးမြို့၏ အနောက်ဘက်တွင် တည်ရှိပြီး၊ ကပ္ပလီပင်လယ်ပြင်ထွက်ပေါက်နှင့် ထိစပ်ရာ ဖြစ်သည့်အတွက် နိုင်ငံခြားမှ/သို့ ကုန်ကြမ်း ကုန်ချောများ တင်သွင်း၊ တင်ပို့ရန်အတွက် သင့်တော်ရာဒေသ ဖြစ်သည်။
    လက်ရှိတွင် ထိုဒေသ၌ Toyo Thai Group ကုမ္ပဏီက ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် ပြင်ဆင်မှုများ ရှိနေသည်။

    ရပ်ခြားမှ စီးပွားရေး လုပ်ငန်းရှင်များ ဖာလိန်ဒေသ၌ မြေယာများ ဝယ်ယူရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေနှင့် စိစစ်ခွင့်ပြုကြရန် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် ဖာလိန်ဒေသ ညီညွတ်ရေးအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

    တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ ကျောက်ထုတ်လုပ်ရန်အတွက် မြေယာဝယ်ယူခြင်းနှင့် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို မွန်ပြည်သစ်ပါတီကလည်း တားမြစ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks