spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့များ ပူးပေါင်းမှုအားနည်းခဲ့ဟုဆို

    ပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့များ ပူးပေါင်းမှုအားနည်းခဲ့ဟုဆို

    -

    မွန်ပြည်နယ်၌ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ဒေသန္တရအစိုးရ တို့အကြား ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေကြောင်း ယမန်နေ့တွင် ကျင်းပပြီးစီးခဲ့သော “မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများဖိုရမ်”၌ ပြည်နယ်လွှတ်တော် အမတ်များနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များက သုံးသပ်ပြောဆိုခဲ့သည်။

    အဆိုပါ“မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများဖိုရမ်” ကို ဇူလိုင်လ ၂၆ နှင့် ၂၇ ရက်နေ့တွင် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်း(၂၀၃) ဖွဲ့မှ ကိုယ်စားလှယ် (၂၈၇) ဦး၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့နှင့် လွှတ်တော်အမတ်အချို့ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    “အစိုးရ ဘက်ကနေ အရပ်ဖက် လူ့အဖွဲ့ အစည်း တွေအပေါ်ကို ကြည့်ရင် ဥပဒေအရ တရားဝင်မှု မရှိသေးတော့ ပူးပေါင်း လုပ်ဆောင်မယ့် နေရာမှာ အားနည်းချက် ရှိတာမျိုး ဖြစ်နေတယ်၊ အဖွဲ့အစည်းတွေ ဘက်ကလည်း ဥပဒေ ကြောင်းလမ်းအရ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ဆိုင်ရာ တရားဝင် မှတ်ပုံ တင်ထားတာ သိပ်မရှိဘူး၊ အရပ်ဖက် အဖွဲ့ အစည်း တော်တော်များများ မှတ်ပုံတင် မရှိကြဘူး” ဟု မွန်ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    မွန်ပြည်နယ်၊ အစိုးရဘက်ကလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ် သဘောထားကြီးနိုင်မှု နည်းပါးနေခြင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဥပဒေနားလည်မှုနည်းပါးနေသေးကြောင်း၊ ပြည်နယ် အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဖိုရမ်၌ ထောက်ပြ ပြောဆိုခဲ့ကြသည်ဟု သူကဆက်ပြောသည်။

    ဖိုရမ်ဖြစ်မြောက်ရေး ဦးဆောင်သူ မင်းအောင်ထူးက “အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အစည်းအဝေး လုပ်ရင် ဖြစ်ဖြစ် သင်တန်းပို့ချပေးတာ ဖြစ်ဖြစ်၊ အာဏာပိုင် တွေက ခွင့်ပြုချက် လွယ်လွယ်နဲ့မပေးချင်ဘူး၊ ပိတ်ပင် ချင်တယ်၊ ခြောက်လှန့် တာကို ကြုံတွေ့ နေရတယ်၊ ဒီအချက်ကိုပဲ ကျွန်တော်တို့ ထပ်မံ ထောက်ပြ ခဲ့ကြတယ်၊ အစိုးဘက်ပိုင်းနေ ဒီအချက်ကို နားလည်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

    အကယ်၍အရပ်ဖက် လူမှုအဖွဲ့အစည်းများ အားကောင်းလာသောအခါ ၄င်းတို့နှင့် ယှဉ်ပြိုင်လာနိုင် မည်ကို သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များ စိုးရိမ်နေသည်ကိုတွေ့ရှိနေရကြောင်း မင်းအောင်ထူးက ဆိုသည်။

    “လွန်ခဲ့တဲ့ တစ်နှစ်က ကျတော်တို ချောင်းဆုံမြို့နယ်မှာ NGO အဖွဲ့အစည်းတစ်ခုက သင်တန်း လာပေးပါတယ်၊ အဲဒီသင်တန်း ပေးဖို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဆီမှာတော့ တင်ပြထားပါတယ်၊ ဒါပေမယ့် သင်တန်း ပေးနေရင်း တစ်ရက်နှစ်ရက်မှာ ရပ်ဖို့ အာဏာပိုင် တွေက ပြောလာတာ တွေ့ခဲ့ရတယ်” ဟုလည်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ယခင် စစ်အစိုးရလက်ထက်ကတည်းကပင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို လက်မခံနိုင်သည့် အောက်ခြေအဆင့်အာဏာပိုင်များ၏ အစွဲများယနေ့တိုင်ကျန်ရှိနေဆဲဖြစ်ကြောင်းနှင့် မြို့နယ်၊ ကျေးလက် ဒေသအာဏာပိုင်များ၌ ဤအချက်ကို ရှင်းရှင်းလင်းလင်း မသိရှိသေးသည့် အနေအထားများ ရှိနေသည်ဟုလည်း သူက ဆိုသည်။

    အစိုးရမှ အသင်းအပင်းဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြု၍ ဇူလိုင်လ (၁၈) ရက်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော်လည်း ထိုဥပဒေအား အကောင်အထည် ဖော်နိုင်မည့် နည်းဥပဒေများ ထပ်မံပြဌာန်းရန် လိုအပ်နေသေးသည်ဟု သိရသည်။

    အဆိုပါပြဌာန်းထားသည့် ဥပဒေ အသက်ဝင်လာမည် ဆိုပါက အသင်းအဖွဲ့ များမှ မိမိတို့၏ အသင်းအဖွဲ့များ တရားဝင် အသင်းအဖွဲ့ ဖြစ်ရေး အတွက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့်တို့၌ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်အား လုပ်ဆောင် နိုင်ကြမည် ဖြစ်သည်။

    ပြည်နယ်အတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ စွမ်းရည်မြှင့်တင်ခြင်း၊ အချင်းချင်း ချိတ်ဆက် နိုင်ရန်နှင့် နိုင်ငံပြုပြင် ပြောင်းလဲရေး ကဏ္ဍတို့၌ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၏ အရေးပါမှု အခန်းကဏ္ဍကို မြှင့်တင် နိုင်ရန် ရည်ရွယ်၍ “မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖိုရမ်” အား ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း ယမန်နေ့ဖိုရမ်ကျင်းပအပြီး ထုတ်ပြန်ချက်၌ ဖော်ပြရေးသား ထားသည်။

    ကျင်းပပြီးစီးခဲ့သည့် အဆိုပါ “မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများဖိုရမ်” အား ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ ဘဏ္ဍာရေး ထောက်ပံ့ပေးမှုဖြင့် မွန်ပြည်နယ် အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်းကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks