Homeသတင်းမော်လမြိုင်တက္ကသိုလ် အဆောင်နေ ကျောင်းသား/သူ နည်းပါးနေ

မော်လမြိုင်တက္ကသိုလ် အဆောင်နေ ကျောင်းသား/သူ နည်းပါးနေ

-

မော်လမြိုင်တက္ကသိုလ်(Internet)
မော်လမြိုင်တက္ကသိုလ်(Internet)
၂၀၁၃ – ၂၀၁၄ ယခုပညာသင်နှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များ၌ ကျောင်းသား/သူများအား လက်ခံထားရှိသော်လည်း အဆောင်နေကျောင်းသား/သူများ နည်းပါးနေသည်။

ရူပဗေဒ(အဓိက)ဘာသာရပ်ကျောင်းသား မင်းအောင်ပိုင်က ” ကျနော်တို့လို နယ်ကျောင်းသားအများစုက အပြင်ဘော်ဒါဆောင်မှာ နေကြတာများတယ်၊ လွတ်လွတ်လပ်လပ်နေချင်ကြတော့ အဲဒီကျောင်းဝင်းထဲက အဆောင်မှာမနေချင်ကြဘူး၊ စိတ်မပါသေးဘူးလို့ ပြောရပါမယ်” ဟု ပြောသည်။

မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားများအတွက် သန္တာဆောင်၊ ကျောင်းသူများအတွက် နီလာဆောင်၊ ပုလဲဆောင်၊ ရွှေမြိုင်ဆောင်များကို သတ်မှတ်ထားရှိပြီး ကျောင်းသားများအတွက် မော်လမြိုင်ဆောင်တစ်ခုကို ထပ်မံပြင်ဆင်ဖွင့်လှစ်ထားသည်ဟု သိရသည်။

ဆက်လက်၍သူက “ကျနော်တို့သိရသလောက်တော့ လာမည့်နှစ်မှာ နယ်ဝေးကျောင်းသားတွေကို ကျောင်းဝင်းအဆောင်ထဲမှာ ပေးနေခိုင်းမယ်လို့ပြောဆိုသံကြားရတယ်၊ အခုလည်း အဆောင်သစ်တွေ ဆောက်လုပ်နေဆဲပါပဲ” ဟု ဆိုသည်။

လာမည့်နှစ်တွင် မွန်ပြည်နယ်အရပ်ရပ်မှ နယ်ဝေးကျောင်သား/သူများအတွက် တက္ကသိုလ်အဆောင်များ၌သာ နေထိုင်ရမည်ဟုလည်းကောင်း၊ မော်လမြိုင်ဒေသခံကျောင်းသား/သူများအတွက် မိမိနေအိမ်၌သာ နေထိုင်ရမည်ဟုလည်းကောင်း တက္ကသိုလ်ပါမောက္ခချူပ်က စီစဉ်နေသည်ဟုလည်း မော်လမြိုင်တက္ကသိုလ်၌ပညာသင်ကြားနေသည့် သံဖြူဇရပ်မြို့မှ ကျောင်းသားတစ်ဦးက ပြောသည်။

မော်လမြိုင်တက္ကသိုလ်အဆောင်များတွင် ကျောင်းသားများအတွက် နေရာ ၃၃၀ ၊ ကျောင်းသူများအတွက် နေရာ ၅၅၀ နေရာ စီစဉ်ဆောက်ရွက်ထားလျက်ရှိရာ လျှောက်ထားသူကျောင်းသား/သူဦးရေ အရေအတွက်နည်းပါးလျက်ရှိကြောင်း ကျောင်းသားရေးရာဌာနမှူး ဦးကျော်ဝင်းက ဆိုသည်။

သူက ” အခုအချိန်အထိ ကျောင်းအဆောင်မှာနေဖို့လျှောက်ထားနေထိုင်သူအရေအတွက်က ကျောင်းသားတွေက ၁၆၇ ဦး၊ ကျောင်းသူတွေကတော့ ၃၆၂ ဦးပဲ ရှိပါသေးတယ်” ဟု ပြောသည်။
အဆိုပါ တက္ကသိုလ်အဆောင်နေကျောင်းသား/သူများတစ်ဦးလျှင် အဆောင်ခတစ်လကျပ် ၅၀ဝ၀၊ ထမင်းတစ်နပ်ကျပ် ၅၀ဝ နှူန်း သတ်မှတ်ထားကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသူ/သားအတွက် အဆောင်နေခွင့်ကို ၁၉၈၈ ဒီမိုကရေစီအရေးအခင်းကာလမှ မြန်မာအာဏာပိုင်များပိတ်ထားခဲ့ရာ ယမန်နှစ် ၂၀၁၃ ခုနှစ်တွင် ပြန်လည်နေထိုင်ခွင့်ပြုသည်ဟု ကျောင်းသားအသိုင်းအဝိုင်းများထံက သိရသည်။

မော်လမြိုင်တက္ကသိုလ်ကျောင်းကို ၁၉၅၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့စဉ်က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ Moulmein Intermediate College ဟုလည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် Mawlamyine Degree College ဒီဂရီကော်လိပ် အဖြစ်သို့လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်အဆင့် အဖြစ်သို့လည်းကောင်း အဆင့်ပြောင်းလဲလာကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသမိုင်းကြောင်းတွင် ဖတ်ရှုရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts