Homeသတင်းရေးမြို့နယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိစ္စ ပြည်နယ်လွှတ်တော်အမတ် စုံစမ်း

ရေးမြို့နယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိစ္စ ပြည်နယ်လွှတ်တော်အမတ် စုံစမ်း

-

အံဒင်ကျေးရွာဒေသခံများနှင့် ဆွေးနွေးကြစဉ်(Facebook)
အံဒင်ကျေးရွာဒေသခံများနှင့် ဆွေးနွေးကြစဉ်(Facebook)
မင်းလုံး – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးရှိ Toyo Thai ကုမ္ဗဏီ၏ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်ကိစ္စအား ဒေသခံဖိတ်ကြားချက်အရ ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး သွားရောက်စုံစမ်းခဲ့ကြောင်း သိရသည်။

ယင်းဓာတ်အားပေးစက်ရုံစီမံကိန်းအားကန့်ကွက်သည့် ဒေသခံများ၊ လူငယ်အသင်းအဖွဲ့များနှင့် အနီးအနားကျေးရွာရှိ ကျောင်းထိုင်ဆရာတော်များတို့ ယမန်နေ့တွင် အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာအောင်နိုင်ဦးက IMNA သို့ပြောသည်။

သူက “အဲဒီဒေသခံတွေ ၉၀% လောက်ကန့်ကွက်ကြတယ်၊ NGO အဖွဲ့အစည်းက ကျနော့်မိတ်ဆွေတွေကလည်း အဲဒီကဒေသခံတွေရဲ့အသံကိုနားထောင်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ကမ်းလှမ်းလာတာ လည်းရှိတယ်၊ ကျနော်ကလည်း ပြည်သူတွေဘက်ကနေရပ်တည်ဖို့အတွက် ပြီးခဲ့တဲ့ ၇ ရက်နေ့က ပြည်နယ်လွှတ်တော်ဥက္ကဌကို ခွင့်တောင်းပြီးလာတာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ ဒေသခံတွေ့ဆုံဆွေးနွေးခဲ့ရာတွင် စိတ်ပါဝင်စားသူ ၂၀ဝ ကျော်ခန့်တက်ရောက်ခဲ့ကြရာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ ဆောက်လုပ်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း၊ ရောဂါ ဘယထူပြောလာခြင်း၊ မြစ်ချောင်းအင်းအိုင်များ၌ သား၊ငါးများ သေကြေပျက်ဆီးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ စိုက်ပျိုးသီးနှံပင်များ ပျက်စီးနိုင်ခြင်းအနေအထားများကြောင့် အံဒင်ကျေးရွာနှင့် အနီးတဝိုက်ရှိဒေသခံများ၊ ပြည်တွင်းပြည်ပရှိ မွန်လူငယ်များက ကန့်ကွက်ဆန္ဒပြသွားမည်ဟု ဆိုသည်။

EITI အဖွဲ့ဝင် ဒေသခံမိစိုက်စွမ်း ကလည်း ” ညတုန်းက ကျမတို့လုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဓာတ်အား ပေးစက်ရုံနဲ့ပက်သက်ပြီးတော့ သဘောတူတဲ့လူတွေနဲ့ လက်မခံတဲ့လူတွေကို တိတိကျကျသိချင်လို့ မဲခွဲလိုက်တယ်၊ စုစုပေါင်း မဲ ၂၁၆ မဲထဲမှာ သဘောတူလုပ်ခွင့်ပေးတဲ့လူက ၄ ယောက်၊ ကြားနေ ၆ မဲနဲ့ ကန့်ကွက်မဲများနေတဲ့အတွက် ကျမတို့ဆက်ပြီးကန့်ကွက်သွားမယ်” ဟု ပြောသည်။

Toyo Thai ကုမ္မဏီ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် အသုံးပြုသည့် နည်းပညာမှာ ဂျပန်နည်းပညာ Ultra Supar Critical ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၂၇၀ဝ ခန့်ရင်းနှီးမြှုပ်နှံထားကာ လျှပ်စစ်ဓာတ်အား ၁၂၈၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည် ပင်လယ်ကမ်းစပ်အနီး မြေဧရိယာဧက ၅၀ဝ ခန့်ကျယ်ဝန်းပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ရန်စီစဉ်နေသည်ဟု ကုမ္ပဏီ၏လက်ကမ်းစာစောင်တွင် ဖေါ်ပြထားသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ယင်းကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ပြု၊ မပြုကို တရားဝင်ထုတ်ဖေါ်ခဲ့ခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts