Homeသတင်းထားဝယ် သိမ်းဆည်းခံ လယ်မြေ ၃ ဧကအတွက် အိမ်ခြံမြေတစ်ကွက် အစားထိုးပေး

ထားဝယ် သိမ်းဆည်းခံ လယ်မြေ ၃ ဧကအတွက် အိမ်ခြံမြေတစ်ကွက် အစားထိုးပေး

-

ခတ္တာနန်း – ထားဝယ်မြို့ မြို့ပြစီမံကိန်းအတွက် သိမ်းဆည်းလယ်မြေများကို ဇွန်လ ၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကပြန်လည်ပေးအပ်ရာတွင် လယ်မြေ ၃ ဧကအတွက် အိမ်ခြံမြေတစ်ကွက်နှုန်း အစားထိုးပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သို့ရာတွင် ပိုင်ရှင်အစစ်အမှန်အချို့အိမ်ခြံမြေမရရှိသဖြင့် လယ်သမားများမကြေမနပ်ဖြစ်ကာ အာဏာပိုင်များအား အပြင်းအထန်ငြင်းခုံပြောဆိုမှုရှိခဲ့ကြောင်း ထားဝယ်မြို့အခြေစိုက် တောင်သူလယ်သမားများနှင့် မြေယာအလုပ်သမားသမဂ္ဂဥက္ကဌ ဦးထွန်းထွန်းဝင်းက ပြောသည်။

ဦးထွန်းထွန်းဝင်းက “မူလလယ်မြေမှာထွန်ယက်လုပ်ကိုင်ခွင့်မရှိဘူး၊ လယ်မြေအသိမ်းခံရတဲ့ လူတွေအတွက် အခုလက်ရှိလုပ်ကိုင်နေတဲ့လယ်ထဲမှာပဲ အိမ်ယာမြေကွက်လာတိုင်းပေးတယ်၊ ဒါကိုလယ်သမားတွေက လက်မခံဘူး၊ မြေတိုင်းတွေကိုလည်း လယ်ထဲအဆင်းမခံဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

အဆိုပါသိမ်းဆည်းခံလယ်မြေများနှင့်ပတ်သက်ပြီး ယခင်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် သမ္မတဦးသိန်းစိန်ထံ အသနားခံစာတင်ထားသော်လည်း ထူးခြားမှုမရှိဖြစ်ခဲ့ပြီး ယခုလယ်မြေများပြန်လည်ပေးအပ်သည်ဟုဆိုရာတွင်လည်း ပိုင်ရှင်အစစ်အမှန်များမရရှိသဖြင့် မကြေလည်မှုများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

“ဒီနေ့လယ်သမား ၃၀ လောက် လမ်းမှာထိုင်နေတယ်၊ ကိုယ့်လယ်မြေအလုခံရမှာစိုးလို့ ရွက်ဖျင်တဲထိုးထားပြီး စောင့်နေတာလည်းရှိတယ်၊ အစိုးရအဖွဲ့တွေတစ်ယောက်မှ မလာဘူး၊ ” ဟု ဦးထွန်းထွန်းဝင်းက ဆက်ပြောသည်။

အစားထိုးအိမ်မြေကွက်မရရှိသူများမှာ မြေကွက်ပြေစာ၌ မိမိအမည်ပေါက်မဟုတ်ခြင်း၊ တစ်ချို့တွင် အရောင်းအဝယ်စာချုပ်သာရှိပြီး ပြေစာအမည်ပြောင်းလဲမထားခြင်း၊ မူလအမည်မှန်ပြေစာရှိသည့် လယ်သမားအနည်းအကျဉ်းသာရှိသည်ဟု ဆိုသည်။

သိမ်းဆည်းခံလယ်သမား ဦးတင်မောင်က “အဆုံးခံရခြင်းအတူတူ နည်းနည်းပါးပါးပြန်ရလည်း ကောင်းတာပေါ့၊ ဒါပေမယ့် တကယ်အသိမ်းခံရတဲ့သူတွေ အစားထိုးပြန်မရတာကျတော့ ဝမ်းနည်းရတာပေါ့နော်” ဟု ပြောသည်။

ထားဝယ်မြို့ပြစီမံကိန်းအတွက် ၂၀၁၃ ခုနှစ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်မြေဧက ၃၀ဝ ခန့် သိမ်းဆည်းခဲ့ရာ ဧက ၁၀ဝ ခန့်သာအကောင်အထည်ဖော်နိုင်ခဲ့ပြီး ကျန်ရှိသည့်လယ်ယာမြေများတွင် ပေ ၄၀- ပေ ၆၀ အစားထိုးအိမ်မြေကွက်ပေးအပ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ထားသည့် မြေနေရာများတွင် ပုဂ္ဂလိကဆေးရုံ၊ ဝန်ကြီးအိမ်ယာများ၊ အစိုးရရုံးအဆောက်အအုံများနှင့် လူနေအိမ်အချို့ဆောက်လုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း သိမ်းဆည်းထားသည့်မြေယာများနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ အပြီးအပြတ်ဆောင်ရွက်ဖြေရှင်းပေးရန် လွန်ခဲ့သည့်ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချထားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts