spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအပစ်ခတ်ရပ်စဲရေး Single Text Draft ဒုတိယမူကြမ်းကို အတည်ပြုနိုင်

    အပစ်ခတ်ရပ်စဲရေး Single Text Draft ဒုတိယမူကြမ်းကို အတည်ပြုနိုင်

    -

    သတင်းစာရှင်းလင်းပွဲ-(Facebook)
    သတင်းစာရှင်းလင်းပွဲ-(Facebook)
    ခတ္တာနန်း – ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်ကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဒုတိယအကြိမ် အခန်း (၇) ခန်းပါ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (Single Text Draft) ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
    ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့တို့ ပူတွဲသတင်းထုတ်ပြန်ခဲ့သည်။

    ထုတ်ပြန်ချက်တွင် ပထမစာမူကြမ်း Single Text Draft ဆွေးနွေးရာတွင် သဘောတူညီချက်များ ရရှိကာ ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့ကြောင်း၊ လာမည့် ၂၀၁၄ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ MPC တွင် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် သဘောတူကြကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အမြန် ချုပ်ဆိုနိုင်ရန် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှ အကြီးတန်းအကြံပေးရာရှိ ဦးလှမောင်ရွှေက “ညှိနှိုင်းဆွေးနွေးပွဲမှာ အဓိကကတော့ Single Tezxt Draft ကိုပဲ ဆွေးနွေးဖြစ်တယ်၊ အရင်တစ်ခေါက်က သဘောတူထားတဲ့ အချက်တွေရှိပေမဲ့ ကျနော်တို့ ဆိုပြုထားတဲ့ အချက်နဲ့ တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ မတူညီတဲ့ အချက်တွေကို ပြန်ပြီး ညှိုနှိုင်းပါတယ်၊ သဘောကတော့ အားလုံးအဖြူအမဲဖြစ်အောင် ညှိရမယ် ဒါမှ လက်မှတ်ထိုးလို့ ရမယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဆက်လက်ပြီး ဆွေးနွေးပွဲအရှိန်ပိုမြင့်လာကြောင်း၊ နှစ်ဖက်စလုံး သဘောထားများ ပျော့ပြောင်းလာကြောင်း၊ ယခုဆွေးနွေးပွဲ အချက်အလက်တစ်ချို့ကို NCCT အနေဖြင့် အဖွဲ့ခေါင်းဆောင်များကို ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး UPWC အနေနှင့်လည်း ဗဟိုကော်မတီတွင် ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

    ယင်းတွေ့ဆုံပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဖက်မှ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်၍ ဦးသိန်းဇော် (ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဌ)၊ ဦးခင်မောင်စိုး (ပြည်ထောင်စု ဝန်ကြီး)၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်)၊ ဦးစောထွန်းမြအောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်မိယဉ်ချမ်း (ပြည်သူ့လွတ်တော်ကိုယ်စားလှယ်) တို့နှင့် Myanmar Peace Center မှ အကြီးတန်းအကြံပေးများ၊ ဌာနမှူးများ၊ တွဲဘက် ဌာနမှူးများနှင့် အလုပ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ဖက်တွင် ပဒိုစောကွယ်ထူးဝင်း ဦးဆောင်၍ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးရွှေမျိုးသန့်၊ ဦးထွန်းဇော်၊ စိုင်ဘထွန်း၊ ဗိုလ်မှူးစောလုံ့လုံ၊ ဗိုလ်မှူးကြီး ဆော်လမွန် နှင့် နည်းပညာအထောက်အကူပြု အဖွဲ့ဝင် (၅) ဦးတို့ တက်ရောက်ခဲ့ကြသည်။

    နှစ်ဘက်ကိုယ်စားလှယ်များသည် လွန်ခဲ့သည့် ဧပြီလ ၅ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပထမမူကြမ်း (Single Text Draft) ကို ရေးသားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts