Homeသတင်း၂၀၁၅ ရွေးကောက်ပွဲအတွက် AMDP ပြင်ဆင်ပြီ

၂၀၁၅ ရွေးကောက်ပွဲအတွက် AMDP ပြင်ဆင်ပြီ

-

AMDP သတင်းစာရှင်းလင်းပွဲ(IMNA)
AMDP သတင်းစာရှင်းလင်းပွဲ(IMNA)
မင်းသုတ – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီAMDP ပထမအကြိမ်ပါတီနှစ်ပတ်လည်ညီလာခံ ၂ ရက်တာကျင်းပအပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီဟု မေလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖေါ်ပြောကြားခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ပန်းခြံရှိ New Sky ခန်းမ၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ပါတီဝင်ကိုယ်စားလှယ်အင်အား ၂၀ဝ ခန့်တက်ရောက်ခဲ့သော AMDP ပထမအကြိမ်ပါတီ နှစ်ပတ်လည်ညီလာခံကို မေလ ၂၄-၂၅ တွင် ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “၂၀၁၀ ရွေးကောက်ပွဲမှာ အချိန်တိုကာလအတွင်း ကတိုက်ကရိုက်အနေအထားနဲ့ ရွေးကောက်ပွဲဝင်ခဲ့ရတယ်၊ ပါတီညီလာခံကိုလည်း မလုပ်နိုင်ခဲ့ဘူး၊ ခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ကျနော်တို့ ဘယ်လိုသွားမလဲဆိုတာကို အဓိကဆွေးနွေးဖြစ်ကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် AMDP ပါတီကိုယ်စားလှယ်လောင်း ၃၅ ဦးပါဝင်ယှဉ်ခဲ့ရာ ၁၆ ဦး မဲအနိုင်ရရှိခဲ့သည်။

ထို့အပြင် AMDP ဥက္ကဌသစ်အဖြစ် နိုင်သိုက်(နိုင်စိုက်)၊ ဗဟိုကော်မတီဝင်သစ်များကို နိုင်ချမ်းတွဲ့၊ မင်းခင်မောင်ရင်နှင့် နိုင်ချမ်းနိုင်တို့အား ရွေးချယ်ခန့်အပ်ကြောင်း AMDP ပထမအကြိမ် ပါတီညီလာခံဆုံးဖြတ်ချက်အရ သိရသည်။

သို့ရာတွင် မွန်ဒီမိုကရေစီပါတီ MDP အမည်ပြောင်း မွန်အမျိုးသားပါတီ MNP အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများမပြုလုပ်ရသေးကြောင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

သူက “MNP အမည်ပါတီအမည်ပြောင်းခွင့်ရပြီးဆိုတော့ ဆိုင်းဘုတ်သစ်တွေ လိုက်တင်နေတယ်၊ AMDP ကနေ MDP နဲ့လာပေါင်းတာ ဥက္ကဌနိုင်ငွေသိန်း(ဂျနူမွန်)နဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်ချစ်ဦးတို့ ၂ ဦးပဲ” ဟု ဆိုသည်။

မွန်အမျိုးသားပါတီအား ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်၄င်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ၂၀၁၀ မေလ ၂၄ ရက်နေ့တွင်၄င်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts