Homeသတင်းရေးမြို့နယ် ကျောက်မီးသွေး လျှပ်စစ်စက်ရုံ စီမံကိန်း မွန်လူငယ်များ ကန့်ကွက်မည်

ရေးမြို့နယ် ကျောက်မီးသွေး လျှပ်စစ်စက်ရုံ စီမံကိန်း မွန်လူငယ်များ ကန့်ကွက်မည်

-

 ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ၏ပြာပုံ(E/HIA Gheco-one project in Mab Ta Phut, Thailand)
ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ၏ပြာပုံ(E/HIA Gheco-one project in Mab Ta Phut, Thailand)
အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့၊ အံဒင်ကျေးရွာအနီး Toyo Thai ကုမ္ပဏီ၏ မဂ္ဂါဝပ် ၁၂၈၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအား ကန့်ကွက်သွားမည်ဟု မွန်လူငယ်ဖိုရမ် Mon Youth Forun (MYF) အထွေထွေအတွင်းရေးမှူး မင်းဉာဏ်စိုက်ရာမာဉ်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

အဆိုပါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်း ရပ်တန့်စေရေးအတွက် မွန်လူငယ်ဖိုရမ်နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ(၃) ရက်နေ့ မွန်လူငယ်ကွန်ဖရင့် (Mon Youth Conference) တွင် ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်သည်ဟု မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

သူက “ လာမည့် မေလ (၁၅ ) ရက်နေ့မှာ တာပသွန်ကျေးရွာ၊ အောင်မေတ္တာဘုန်းကြီးကျောင်းမှာ ကျနော်တို့ MYF က ကော်မတီအဖွဲ့ဝင်အသစ်ရွေးမယ်။ စီမံကိန်းရပ်တန့်စေရေးလုပ်ငန်းအသေးစိတ်ကို ဒီကော်မတီက လုပ်ဆောင်သွားမှာဖြစ်တယ်” ဟုပြောသည်။

မွန်ပြည်နယ်၌ အကြီးစားစီမံကိန်းများ၊ ကုမ္ပဏီကြီးများလုပ်ဆောင်ပါက ဒေသခံပြည်သူများ၏ သဘောထားကောက်ခံပြီးမှသာ လုပ်ဆောင်သင့်ပြီး၊ ပြည်သူများ၏ သဘောဆန္ဒမပါပဲ လုပ်ဆောင်မည်ဆိုပါက နိုင်ငံရေးပါတီဝင်များ၊ သံဃာတော်များ၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ မွန်လူငယ်များ ပူးပေါင်းကာ ကန့်ကွက်သွားမည်ဟု ပြောသည်။

ရေးမြို့နယ်၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ မင်းစိုးသိန်းက “ လျှပ်စစ်မီး တစ်မျိုးတည်းရရုံနဲ့ ကျနော်တို့ လုပ်စားလို့ရတာမဟုတ်ဘူး၊ မီးခိုးတွေကြာင့် မြေဆီလွှာတွေပျက်စီးမယ်၊ ခြံထွက်သီးနှံတွေ အထွက်နှုန်းလျော့လာမယ်၊ ရှားလာမယ်၊ တစ်နာရီကို ပင်လယ်ရေဂါလံ ၄ ဒဿမ ၄ သန်းနှုန်းနဲ့ ပင်လယ်ထဲရေဆိုးတွေစီးဆင်းသွားမှာဖြစ်တဲ့အတွက် ရေထွက်ပစ္စည်းငါးပုဇွန်တွေလည်း အနီးအနားမှာ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး” ဟုပြောသည်။

ထိုဒေသသည် ဆန်စပါး၊ ရာဘာ၊ အုန်း၊ ကွမ်းသီး၊ ဥယာဉ်ခြံလုပ်ငန်း၊ ရာသီပေါ် သီးနှံမျိုးစုံ ထွက်ရှိသည့်ဒေသဖြစ်ပြီး၊ ပင်လယ် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းမှီတင်းနေထိုင်ကြသူများမှာ မွန်လူမျိုးများသာဖြစ်သည်ဟု ဆိုသည်။

သူက “ ဒီစီမံကိန်းကာလ ၄၈ လအတောအတွင်းမှာ ရပ်ဝေးနယ်ခြားက အလုပ်သမားတစ်သောင်းကျော်မက ဝင်ရောက်လာမယ်၊ သူတို့ဝင်ရောက်လာတဲ့အခါမှာ ကျနော်တို့ မွန်ဘာသာစကားကြားရတော့မှာမဟုတ်ဘူး၊ ဒေသခံအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျသွားရင် နောက်မျိုးဆက်တွေမှာ မွန်လူမျိုးပါပျောက်ကွယ်သွားမယ့် အခြေနေရောက်လာနိုင်တယ်” ဟုပြောသည်။

အနှစ် ၃၀ BOT စနစ်ရင်းနှီးမြှုပ်မှုဖြင့် မြေဧရိယာအကျယ်ဝန်း ဧက ၅၀ဝ ခန့်ရှိသည် စက်ရုံတည်ဆောက်မည့်နေရာနှင့် အံဒင်ကျေးရွာသည် (၁)မိုင် ခန့်သာ ကွာဝေးပြီး အနီးအနားပတ်လည်ကျေးရွာ ၇ ရွာ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ပြဿနာပေါင်းစုံဝင်ရောက်လာနိုင်သည့်အပြင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများလည်း ကွယ်ပျောက်သွားနိုင်သည်ဟု မင်းစိုးသိန်း က သုံးသပ်သည်။

ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းကြောင့် ရောဂါဘယထူပြောလာခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် သား၊ ငါးများ သေကြေပျက်စီးဆုံးရှုံးခြင်း၊ အပူရှိန်မြင့်တက်ခြင်း၊ အက်စစ်မိုးကြောင့် စိုက်ပျိုးသီးနှံပင်များပျက်စီးခြင်း စသည့်အနေအထားများကြောင့် ဒေသခံများ ထိုဒေသမှစွန့်ခွာသွားရမည့်အခြေအနေ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သူကဆက်ပြောသည်။

အလားတူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS) ကလည်း အဆိုပါ Toyo Thai ကုမ္ပဏီ၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းကန့်ကွက်ရေးအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟု YSS ဥက္ကဋ္ဌ ဦးမြသန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောကြားခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts