Homeအယ်ဒီတာ့အာဘော်တစ်နိုင်ငံလုံး အပစ်ရပ်ရေး မလွယ်ပါသေး

တစ်နိုင်ငံလုံး အပစ်ရပ်ရေး မလွယ်ပါသေး

-

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့သည့်မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင်ကျင်းပပြုလုပ်ခဲ့ကြရာ ပထမမူကြမ်းတစောင် ထွက်ပေါ်လာခဲ့သော်လည်း သဘောတူညီချက် မရရှိသေးသဖြင့် လာမည့်မေလ ၁၉-၂၀ နေ့ရက်များတွင် နှစ်ဖက် ပြန်လည် ဆွေးနွေးပါဦးမည်ဟု ဆိုသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးသည့် လက်ရှိ အနေအထားကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်တွင်
(၁) ထာဝရ ငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊
(၂) သဘောတူ စာချုပ်အတိုင်း ကတိတည်ရန်၊
(၃) ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊
(၄) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊
(၅) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲ ဥပဒေများကို တိတိကျကျ လိုက်နာရန်၊
(၆) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်။

အထက်ပါမူဝါဒ ၆ ချက်အနက် အချက် ၅ နှင့် ၆ တို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပါဝင်သည့် NCCT ဘက်က လက်မခံနိုင်ဟု ကြားသိနေရသည်။

တဖက်တွင်လည်း တိုင်းရင်းသားဘက်က “တော်လှန်ရေး” “ဖက်ဒရယ်” “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” စသည့် ပြောဆိုသုံးနှုံးမှုများကိုလည်း အစိုးရမကြိုက်ဟု ဆိုသည်။

တိုင်းရင်းသားများ အစဉ်အဆက်မပြတ်တောင်းဆိုခဲ့သော ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို တပ်မတော်ဘက်က လက်မခံနိုင်သည့်အတွက် နှစ်ဖက်ရပ်တည်ချက်နှင့်လိုလားချက်များ ကွာခြားမှုများရှိလာကာ ဆက်လက်ဆွေးနွေးရန် ခဲယဉ်းနေသည်ဟုလည်း NCCT ခေါင်းဆောင်များသုံးသပ်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၅ အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အား တည်ဆဲဥပဒေအရ မတရားအသင်းဟု သတ်မှတ်ထားသဖြင့် အပစ်ရပ်ရေးလက်မှတ်ရေးထိုးပြီးသည်နှင့် တည်ဆဲဥပဒေအရ ယင်းအဖွဲ့အစည်းနှင့်ပါဝင်ပတ်သက်သူများကို ဖမ်းဆီးအရေးယူနိုင်မည့် အဓိပ္ပါယ်ဆောင်နေသည်။

အလားတူ ပြည်သူများလက်မခံဘဲ ဆန္ဒပြနေသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား NCCT အနေဖြင့် မျက်စုံမှိတ်လက်ခံနိုင်မည့် အခြေအနေမတွေ့ရှိရသေးပေ။

တိုင်းရင်းသားနက်ကိုင်အဖွဲ့အစည်းအများစုသည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်ဟူ၍ အပစ်ရပ်စဲရေးသဘောတူညီချက် လက်မှတ် ၂ ကြိမ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း အချို့ဒေသများတွင် အစိုးရစစ်ကြောင်းများထိုးစစ်ဆင်တိုက်ပွဲများဆက်လက်ဖြစ်ပေါ်သောကြောင့် အဆိုပါအပစ်ရပ်လက်မှတ်ထိုးခဲ့ခြင်းသည် မည်သို့အဓိပ္ပါယ်ဆောင်နေသလောဟုပင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲလက်မှတ်ရေးထိုးပွဲအောင်မြင်ရေးကြိုးပမ်းစဉ်ကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် အစိုးရတပ်မတော်စစ်ကြောင်းများ လိုအပ်သည်ထက်ပို၍ “သာလွန်ထိုးစစ်ဆင်” နေကြောင်း UNFC က ထောက်ပြခဲ့သည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ကို အမြန်ရေးထိုးလိုသည့် ဆန္ဒရှိကြောင်း သမ္မတကြီး၏ပြောဆိုနေသော်လည်း တိုင်းရင်းသားနယ်မြေများထဲသို့ အစိုးရစစ်တပ်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသည်ကို သမ္မတကြီးအမိန့်ဖြင့်မဟန့်တားနိုင်ကြောင်း ကချင်ပြည်နယ်စစ်ပွဲများက သက်သေခံနေဆဲဖြစ်သည်။

ထို့ကြောင့် မကြာမီပြန်လည်စတင်မည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆွေးနွေးပွဲအောင်မြင်ရေးသည် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA က သုံးသပ်မိပေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts