Homeသတင်းမွန်ရိုးရာ အခြေခံ တူရိယာသင်တန်း ဖွင့်လှစ်

မွန်ရိုးရာ အခြေခံ တူရိယာသင်တန်း ဖွင့်လှစ်

-

အေမီအောင် – ၃ လကြာမြင့်မည့် မွန်ရိုးရာအခြေခံ တူရိယာသင်တန်းဖွင့်ပွဲကို ထိုင်းနိုင်ငံ၊ စံခလပူရီမြို့နယ်၊ ဝင်းကကျေးရွာရှိ မွန်ယဉ်ကျေးမှုဗိမာန်၌ ဧပြီလ ၂၃ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ဘုရားသုံးဆူမြို့နယ်မှဒေသခံလူငယ်အချို့၊ မွန်လူ့အခွင့်အရးဖောင်ဒေးရှင်း၊ လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ စနောင်တိုင်းသတင်းဂျာနယ်တိုက်နှင့် ထိုင်းနိုင်ငံ ဒေသခံကျောင်းသူကျောင်းသားများ စုစုပေါင်း သင်တန်းသား/သူ ၂၀ ခန့် တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

နည်းပြဆရာ ဗညားအက်ဗန်က “ပထမ ဂီတသင်္ကေတ (Notation) ကို နားလည်အောင်သင်မယ်၊ Notation နားလည်ပြီးမှ အခြေခံပတ္တလား တီးနည်းကိုဆက်သင်မယ်” ဟုပြောသည်။

မွန်ရိုးရာပတ္တလားတီးနည်းပညာသည် အခြားသောရိုးရာတူရိယာများ ဆက်လက်တီးခတ်လေ့လာနိုင်ရန် အခြေခံအားဖြင့်အသင့်လျော်ဆုံးဖြစ်သည့်အလျောက် ယဉ်ကျေးမှုမပျောက်ကွယ်စေရန်၊ နောင်လာနောင်သား မျိုးဆက်သစ် လူငယ်များလက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းသွားရန်၊ လူငယ်များစိတ်ဝင်တစ်စား ပါဝင်လာစေရန် ရည်ရွယ်၍သင်တန်းဖွင့်လှစ်ရသည်ဟု သူကဆက်ပြောသည်။

နည်းပြဆရာမ မိကွန်ထော က “ ရိုးရာဂီတသင်္ကေတ သံစဉ် (၇) မျိုးကို နားလည် တတ်မြောက်ပြီးမှ ပတ္တလားတီးခတ်ပုံကို သင်ခန်းစာ (၁၈) ခန်းနဲ့ ဆက်လက်သင်ကြားသွားမယ်၊ အဲဒီကတဆင့် မိမိသင်လိုတဲ့အခြားရိုးရာတူရိယာကို ဆက်ပြီးသင်ယူကြမယ်” ဟု ပြောသည်။

မွန်ရိုးရာအခြေခံ တူရိယာသင်တန်း ဦးစီးဆောင်ရွက်သူ နိုင်ကဆော့မွန် က“ကျနော်တို့ မွန်လူမျိုးတွေရဲ့ တူရိယာလက်သံတွေဟာ ဒီကျနော်တို့ယဉ်ကျေးမှုဗိမာန်ကတဆင့် အခြားသောနယ်မြေဒေသတိုင်းကို ပျံ့နှံ့သွားစေဖို့ ရည်ရွယ်ပြီးဖွင့်လှစ်တာ ဖြစ်တယ်” ဟုပြောသည်။

သင်တန်းသား မင်းအဲမွန် က“ ဝါသနာပါလို့ပေါ့။ ကျနော်တို့ မွန်ရိုးရာဓလေ့ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းချင်တာလည်းပါတယ်၊ ပတ္တလားတီးနည်းကို စိတ်ဝင်စားတယ် ” ဟု ပြောသည်။

မွန်ရိုးရာအခြေခံတူရိယာသင်တန်းများကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ်၊ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလ အထိဒုတိယအကြိမ်၊ ၂၀၁၂ ခုနှစ် မတ်လ မှ ဧပြီလ အထိတတိယအကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် ယခုအခါစတုတ္ထအကြိမ်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts