Homeသတင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး မွန်ပြည်နယ်တောင်ပိုင်းတွင် ကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး မွန်ပြည်နယ်တောင်ပိုင်းတွင် ကျင်းပ

-

အေမီအောင် – အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် အကြမ်းဖက်မှုများ ပပျောက်စေရန် စည်းရုံးလှုံ့ဆော်မှုများကို မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ၊ ရင်းဒိန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ပညာပေးလှုံ့ဆော်ခြင်း၊ ပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ဒေသခံမွန်အမျိုးသမီးအင်အား ၂၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

Women Organization Network (Myanmar) (Facebook)
Women Organization Network (Myanmar) (Facebook)
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပတ်သက်ပြီး လူထုအတွင်း အသိပညာ မြှင့်တင်ရန်၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုအား ကာကွယ် တားဆီးရာတွင် အမျိုးသားများ၏ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ရန်၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကြောင်းကို ဒေသတွင်းနှင့် နိုင်ငံတစ်ဝန်းလုံး အဆင့်အထိ အသိ ပညာပေး မြှင့်တင်ပေးရန် ရည်ရွယ်ပြီးပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက် Women Organization Network (Myanmar) အဖွဲ့ဝင် မိဂျလွန်းထော ကပြောသည်။

မိဂျလွန်ထောက“လင်မယားရန်ဖြစ်တာကို သဘာဝလို့ထင်ခဲ့တယ်။အမှန်တော့ အိမ်တွင်း အကြမ်းဖက်ခံနေရတာကို အကြမ်းဖက်ခံရမှန်း မသိတဲ့လူတွေ အများကြီးရှိနေတယ်”ဟုပြောသည်။

“အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသောကမ္ဘာဆီသို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသားများလည်း ပါဝင်စို့” ဆောင်ပုဒ်အတိုင်း မိမိ မိသားစု၊ ပတ်ဝန်းကျင်၊ တစ်နိုင်ငံလုံးအထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တဖြည်ဖြည်းပပျောက်သွားစေရန်နှင့် အမျိုးသားများလည်းပါဝင်လာစေရန် တတ်နိုင်သမျှလှုံ့ဆော် လုပ်ဆောင်သွားမည်ဟု မိဂျလွန်ထော က ဆက်ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကော်မတီအဖွဲ့ဝင် မိဂျရိုင်နွန်က “ကျမတို့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာ၊ အကြမ်းဖက် ရောင်းစားခံရတာဟာ အများဆုံးခံနေရတယ်” ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်ပွဲပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အမျိုးသမီးအကြမ်းဖက်မှုများ ဖြစ်ပွားလျှက်ရှိပြီး အသက်ငယ်ရွယ်သော အမျိုးသမီးများ အဓမ္မကျင့်ခံရမှုများလည်း တိုးပွားလျှက်ရှိသည်ဟုလည်း မိဂျရိုင်နွန်က ပြောသည်။

၁၉၉၉ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ ၅၄ ကြိမ်မြောက် အထွေထွေ ညီလာခံ၌ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့သည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ကို ဖဲကြိုးဖြူနေ့ ဟုလည်းခေါ်ဆို၍ ထိုနေ့တွင် အမျိုးသမီးများကို အကြမ်းမဖက်တော့ပါ၊ အကြမ်းဖက်မှုများကိုလည်း ဖြစ်နိုင်သမျှ ကာကွယ် တားဆီးပေးမည်ဆိုသည့် ခံဝန်ကတိများဖြင့် ဖဲကြိုးဖြူကို တပ်ဆင်ကြခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ ၁၆ ရက်တာ လှုပ်ရှားမှုတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ တရနာကျေးရွာ၊ သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် အလားတူ လှုံ့ဆော်မှုများ ပြုလုပ်ကြသည်ဟု သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ အထိ စုစုပေါင်း ၁၆ ရက်တာ လှုပ်ရှားမှုမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ ( Elimination of Violence Against Women Day) ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် အရှေ့တောင်အာရှ အမျိုးသမီး များနေ့ (South East Aisa Women Day) ၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ကမ္ဘာ့ AIDS နေ့ ( World AIDS Day)၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကမ္ဘာ့မသန်စွမ်းသူများနေ့ ( International Day of Persons with Disabilitie)၊ ဒီဇင်ဘာ ၆ ရက်နေ့ တွင် မွန်ထရီမြို့ လူသတ်ပွဲနှစ်ပတ်လည်နေ့ (Monteral Massacre Day)၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ( Human Rights Day) ဟုအသီးသီးသတ်မှတ်ခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts