Homeသတင်းမွန်ပြည်သစ်ပါတီတွင်း ကလေးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်သစ်ပါတီတွင်း ကလေးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

-

မင်းလုံး – မွန်ပြည်သစ်ပါတီနှင့် Geneva Call ဂျီနီဗာ တောင်းဆိုမှုအဖွဲ့တို့ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးသည့် အချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ်၌ အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယခုအခါပြုလုပ်သည့် Child Protection ကလေးစစ်သား ပပျောက်ရေးနှင့် ကလေးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပထမ ဦးဆုံးအကြိမ်ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။

ကလေးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (BNA)
ကလေးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (BNA)
သူက “Child Protection နဲ့ပက်သက်တဲ့ဆွေးနွေးပွဲက ဒါပထမဆုံးပဲ၊ ကျနော်တို့ပါတီကလည်း ကလေးစစ်သားပပျောက်ရေးနှင့် ကလေးကာကွယ်ရေးစတဲ့အပြင် အခြားလုပ်ငန်းတွေကိုလည်း လုပ်နေကျပဲ၊ သူတို့က အခု လိုလာရောက်ဆွေးနွေးတော့လည်း ကျနော်တို့ပါတီဝင်တွေ ခေါင်းဆောင်တွေကလည်းပိုပြီးတော့နားလည် သွားတာပေါ့၊ ကျနော့်အနေနဲ့ကတော့ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ အရမ်းကောင်းတဲ့ဆွေးနွေးပွဲပါပဲ” ဟု ပြော သည်။

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး စံခလပူရီမြို့ရှိ မွန်ဆက်ဆံရေးရုံး၌ ယနေ့နံနက် ၉ နာရီခန့်တွင် ၂ ရက်ကြာပြုလုပ်မည့် Geneva Call ဂျီနီဗါ တောင်းဆိုမှုအဖွဲ့၏ နကလေးစစ်သားပပျောက်ရေးနှင့် ကလေးကာကွယ်ရေးဆိုင်ရာ Child Protection အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်နှင့် လက်အောက်ခံခရိုင် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၃၀ ဦးခန့် တက်ရောက်သည်ကို တွေ့ရှိရသည်။

ဂျီနီဗာ တောင်းဆိုမှုအဖွဲ့သည် ကလေးစစ်သားပပျောက်ရေးနှင့် ကလေးကာကွယ်ရေး Child protection အလုပ်ရုံ ဆွေးနွေးပွဲ သာမကဘဲ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး Woman Protection ကိုပါဆက် လက်ကျင်းပသွားရန် မွန်ပြည်သစ်ပါတီအား ကမ်းလှမ်းထားကြောင်း နိုင်ဟံသာဗိန်ခိုင်းက ဆက်ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို Geneva Call အာရှဆိုင်ရာအကြီးတန်းစီမံကိန်းအရာရှိ Mr. Chris Rush နှင့် အာရှရေးရာအရာရှိ Mr. Reno Meyer ဦးဆောင်သည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲစကားပြန်ဆောင်ရွက်သူ မွန်လူ့အခွင့်ရေးဖောင်ဒေးရှင်း ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ နိုင်အဲမွန်ကလည်း “ကျနော့်အနေနဲ့ပြောရင် ဒီ workshop မှာ ကလေးစစ်သား ပပျောက်ရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးနေကြတာဆိုတော့ အရမ်းကောင်းပါတယ်၊ စစ်ပွဲပဋိပက္ခတွေမှာ ကလေးတွေကိုမခိုင်းစေမိအောင် အခုလို မွန်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ရော၊ မွန်လူထုအခြေပြုအဖွဲ့အစည်းနဲ့ရော အခြားအဖွဲ့စည်းတွေနဲ့ အကြံပြုပြီးအဖြေရှာကြတယ်၊ အခုဆိုရင် အချို့နေရာမှာ ကလေးစစ်သားပပျောက်ရေးအတွက် လက်တွေ့အကောင်အထည်ဖေါ်နေ ကြပါပြီ” ဟု ပြောသည်။

၂၀၁၂ သြဂုတ်လတွင် ကလေးစစ်သားပပျောက်ရေးလုပ်ငန်းစဉ်အတွက် မွန်ပြည်သစ်ပါတီနှင့် ယင်းအဖွဲ့အစည်းတို့ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

Geneva Call ဂျီနီဗာတောင်းဆိုမှုအဖွဲ့၏ ရည်ရွယ်ချက်များမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ မြေမြုပ်မိုင်းများအသုံးပြုမှုပပျောက်ရေး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး၊ ကလေးစစ်သားများပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ဖြစ်၍ ဆွစ်စလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ အခြေစိုက်ပြီး လွန်ခဲ့သည့် ၁၃ နှစ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts