ခတ္တာနန်း – ယခုလ ၁၃ ရက်နေ့မှ စ၍ မွန်ပြည်သစ်ပါတီ၏ အရေးပေါ် ဗဟိုကော်မတော်အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် အချို့ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဗဟိုတာဝန်ခံ ဒုဗိုလ်မှူးကြီးဉာဏ်ထွန်းက “ အဓိကကတော့ လိုအပ်နေတဲ့ ခေါင်းဆောင်နေရာတွေကို ပြန်ရွေးတယ် ဗဟိုကော်မတီ ၂၇ ယောက်ဖြည့်တယ်” ဟုပြောသည်။
အရန်ဗဟိုကော်မတီဝင် ဗိုလ်မှူး M စိုက်ချမ်းနှင့် ဗိုလ်မှူးကြီးစံတို့အား ဗဟိုကော်မတီဝင်အဖြစ် တိုးမြင့်ခန့်အပ်ပြီး ဗဟိုစစ်ကော်မတီအဖွဲ့ဝင်(၇)ဦးတွင် ဒုဗိုလ်မှူးကြီးဟံသာနှင့် ဒုဗိုလ်မှူးကြီး စံအေးတို့အား ဖြည့်စွက်ခန့်အပ်လိုက်ကြောင်း သိရသည်။
ယခုကျင်းပပြုလုပ်သည့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီအရေးပေါ်အစည်းအဝေးသည် လစ်လပ်သောခေါင်းဆောင်နေရာခန့်အပ်မှု၊ လက်နက်ကိုင်တိုင်းရင်းသားများညီလာခံမှ ရရှိလာသည့် အချက်အလက်များ၊ မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် တွေ့ဆုံးဆွေးနွေးပွဲမှာ ရရှိလာသည့် အစိုးရ၏တင်ပြချက် ၂၅ ချက်တို့အား ဆွေးနွေးရန်အတွက် အစည်းအဝေး ခေါ်ယူခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဗဟိုစခန်းတည်ရှိရာ ရေးမြစ်ဖြားတွင် ယမန်နေ့ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး အချိန် ၃ ရက်ခန့်ကြာမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။