spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီက မူးယစ်ဆေးပြားတစ်သောင်းနှစ်ထောင် ဖမ်းဆီးရမိ

    မွန်ပြည်သစ်ပါတီက မူးယစ်ဆေးပြားတစ်သောင်းနှစ်ထောင် ဖမ်းဆီးရမိ

    -

    မင်းသုတ – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာအနီးရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂိတ်စခန်းက အိုက်စ် (ice or crystal methamphetamine) မူးယစ်ဆေးနှင့်အတူ WY စာတမ်းပါရာဘစိတ်ကြွဆေးပြား တစ်သောင်းနှစ်ထောင်တိတိကို ယမန်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

    မြန်မာနိုင်ငံနယ်စပ်၊ ဘုရားသုံးဆူမြို့မှတဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာစဉ် နိုဝင်ဘာ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးသယ်ဆောင်သူ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲဇာတိ နိုင်ဗလိုင်မွန်က ပြောသည်။

    မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးထားပုံ (BNA)
    မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးထားပုံ (BNA)
    နိုင်ဗလိုင်မွန်က “ကျနော်မလေးရှားနိုင်ငံအထိ သွားမှာပါ၊ ဒီပစ္စည်းကို သယ်ပေးရင် လမ်းစရိတ်တစ်ပြားမှ ကုန်ကျခံမလိုဘူးဆိုတော့လည်း သယ်ပေးတာပေါ့” ဟု ပြောသည်။

    မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှတဆင့် ထိုင်းနိုင်ငံ စမွတ်စခွန်ဒေသရှိ မဟာချိုင်သို့၄င်း၊ ထိုမှတဆင့် မလေးရှားနိုင်ငံသို့၄င်း လူပို့ကယ်ရီသမားများအဆင့်ဆင့်ဖြင့် သွားရောက်ရန်စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။

    လူပို့ကယ်ရီခအနေဖြင့် တစ်ဦးလျှင် မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံ စမွတ်စခွန်ဒေသသို့ မြန်မာကျပ်ငွေ ၃ သိန်းခွဲ၊ မလေးရှားနိုင်ငံသို့ မြန်မာကျပ်ငွေ ၅ သိန်းခွဲခန့် ပို့ဆောင်ခပေးဆောင်ရသည်ဟုလည်း သိရသည်။

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန အရာရှိတစ်ဦးက “သူ့အပြောအရဆိုရင် လူပို့ကယ်ရီသမားတွေက သူ့ကိုအသုံးချလိုက်တာပါပဲ၊ လူပို့ကယ်ရီသမားတွေကလည်း ထိုင်းနိုင်ငံထဲ တရားမဝင်လူပို့တာတွေအပြင် မူးယစ်ဆေးဝါးတွေကိုလည်း ပူးတွဲသယ်ပို့နေပြီ” ဟု ပြောသည်။

    ယခုဖမ်းဆီးရမိသော WY စာတမ်းပါမူးယစ်ဆေးဝါးတန်ဖိုးမှာ နယ်စပ်ဒေသကာလပေါက်ဈေး ထိုင်းဘတ်ငွေ ၁၅ သိန်းခန့်ရှိပြီး အိုက်စ် (ice or crystal methamphetamine) မူးယစ်ဆေးအထုပ်သေး ၂ ထုပ်တန်ဘိုးမှာ ဘတ်ငွေ ၁ သိန်းခန့် တန်ဘိုးရှိမည်ဟု ယင်းအရာရှိက ခန့်မှန်းသည်။

    ယင်းဖမ်းဆီးမိသောမူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်သူနိုင်ဗလိုင်မွန်အား ယနေ့နံနက်တွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီး ဗဟိုတရားရုံးမှထိုက်သင့်သော အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ယင်းအရာရှိက ဆိုသည်။

    မွန်ပြည်သစ်ပါတီက ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသောဖြစ်စဉ်များအနက် ယခုဖြစ်စဉ်မှာ အရေအတွက်အများဆုံးဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts