Homeသတင်းရဲတံခွန် မွန်ပြည်သစ်တပ်ဖွဲ့စခန်းအား အစိုးရစစ်တပ် အတင်းအကြပ် ပြောင်းရွေ့ခိုင်း

ရဲတံခွန် မွန်ပြည်သစ်တပ်ဖွဲ့စခန်းအား အစိုးရစစ်တပ် အတင်းအကြပ် ပြောင်းရွေ့ခိုင်း

-

အမှတ် (၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း ဝဲကလိ (IMNA)
အမှတ် (၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း ဝဲကလိ (IMNA)
မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းမကြီးပေါ်ရှိ ရဲတံခွန် မွန်ပြည်သစ်ပါတီ တပ်စခန်းကို အစိုးရစစ်တပ်က အတင်းအကြပ် ပြောင်းရွေ့ခိုင်းသဖြင့် အောက်တိုဘာလ(၈) ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် အဆိုပါစခန်းမှ မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ ပြောင်းရွေ့ထွက်ခွာသွားပြီဟု သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဗိုလ်မှူးကြီးအောင်မင်းက အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန် နောက်ဆုံးထား၍ ရဲတံခွန်စခန်းမှမွန်ပြည်သစ်ပါတီတပ်ဖွဲ့အားလုံး လုံးဝထွက်ခွာသွားရန် သံဖြူဇရပ်ဆက်ဆံရေးရုံးမှတဆင့် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“ဒီစခန်းကနေ မထွက်ခွာဘူးဆိုရင် ပစ်မယ်ခတ်မယ်ဆိုတဲ့အနေအထားအထိ အကြပ်ကိုင်လာတယ်၊ မူလသဘောတူညီချက်မှာမပါတဲ့ တပ်တည်နေရာတွေကို လက်နက်နဲ့သွားလာနေထိုင်ခွင့်မပြုဘူးလို့ ဆက်ဆံရေးရုံးကို ခေါ်ပြောတယ်” ဟု မွန်ပြည်ပါတီအရာရှိတစ်ဦးက ပြောသည်။

ယင်းရဲတံခွန်တပ်စခန်းတွင် တပ်ဖွဲ့အင်အား ၂၅ ဦးခန့်ရှိ မွန်ပြည်သစ်ပါတီ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးရုံးဖွင့်လှစ်ထားရှိရာစခန်းမှ အားလုံးစွန့်ခွာထွက်လာခဲ့ခြင်းရခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါမွန်ပြည်သစ်ပါတီရဲတံခွန်တပ်စခန်းပြောင်းရွေ့ခိုင်းသည့်ကိစ္စအား မွန်ပြည်သစ်ပါတီက ပြည်နယ်အစိုးရထံကြိုတင်အကြောင်းကြား တင်ပြခဲ့သော်လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏အမိန့်အတိုင်း ဖယ်ရှားပေးရမည်ဟု ဆိုသည်။

မွန်ပြည်ပါတီအရာရှိက “လက်ရှိစခန်းမြေနေရာကို မွန်လုပ်ငန်းရှင် ဦးခွေးနဲ့ဒါ်ယိမ်းတို့က သူတို့ရာဘာခြံ ၃ ဧကကိုအပိုင်ပေးအပ်ခဲ့တာ ၁၅ နှစ်ကျော်ရှိခဲ့ပြီ၊ ဒီနေရာကို ရဲတံခွန်စာသင်ကျောင်းမြေဆိုပြီး ခုချိန်မှာ တပ်ကအကြောင်းပြ ဖယ်ရှားခိုင်းတာဖြစ်တယ်” ဟု ပြောသည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဖောက်လုပ်ရေးစီမံကိန်းလုံခြုံရေးအတွက် ၁၉၉၈ ခုနှစ်မှစတင်၍ ရဲတံခွန်မွန်ပြည်သစ်တပ်စခန်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီမှ သိရသည်။

ရဲတံခွန်ရှိ ရာဘာခြံလုပ်သား နိုင်ထွန်းက “ ဒီရဲတံခွန်က မွန်စစ်သားတွေ ဇီးနှစ်ပင်စခန်းဘက်ကို ပြောင်းသွားပြီ၊ မွန်စစ်သားတွေဒီနေရာမှာမရှိရင် ပြန်ပေးတို့ ဓါးပြတို့ ပြန်ထလာမှာကို ကျနော်တို့သိပ်စိုးရိမ်မိတယ်” ဟု ပြောသည်။

ယင်းရဲတံခွန်ဒေသတဝိုက်တွင် ဗိုလ်လက်ဝဲအမည်ရှိ ဓါးပြအဖွဲ့လှုပ်ရှားလျှက်ရှိပြီး ဒေသခံမွန်အမျိုးသားရာဘာခြံရှင်များထံ ဆက်ကြေးငွေအတင်းအကြပ်ကောက်ခံနေသည်ဟု ဆိုသည်။

သံဖြူဇရပ်မြို့မှ အထင်ကရမွန်ဆရာတော်တစ်ပါးက “အပစ်ရပ်စဲတယ်ဆိုတာ ငြိမ်းချမ်းရေးရတာမဟုတ်ဘူး၊ နှစ်ဖက်မပစ်မခတ်ကြဖို့ပဲ စာရွက်တွေပေါ်မှာ ကတိပြုကြတာ၊ အချိန်မရွေးပျက်ပြယ်သွားနိုင်တယ်” ဟု မိန့်ဆိုသည်။

ထို့အပြင် အစိုးရမကြာမီကျင်းပပြုလုပ်မည့် တစ်ပြည်လုံးအတိုင်းအတာဆောင်သော လက်မှတ်ရေးထိုးပွဲသို့ မွန်ပြည်သစ်ပါတီအနေဖြင့် မည်ကဲ့သို့ဆုံးဖြတ်ချက်ချမှတ်မည်ကို သွေးတိုးစမ်းသည့်သဘောဟုလည်း ယူဆနိုင်ကြောင်း ဆရာတော်က ထောက်ပြသည်။

၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် နဝတစစ်အစိုးရ ပထမအကြိမ်အပစ်ရပ်စဲမှုပြုလုပ်ပြီးသည့်နောက် နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဘုရားသုံးဆူ-သံဖြူဇရပ်မော်တော်ကား လမ်းဖောက်လုပ်ရေး စီမံကိန်းလုံခြုံရေးစခန်းအဖြစ် ရဲတံခွန်မွန်ပြည်သစ်တပ်စခန်းသည်ကို ဖွင့်လှစ်ထားရှိခဲ့သည်။

အဆိုပါ ရဲတံခွန်တပ်စခန်းပြောင်းရွေ့ခိုင်းသည့်ဖြစ်ရပ်သည် ၂၀၁၂ ခုနှစ် မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပြည်ထောင်စုအဆင့်အပစ်ရပ်စဲမှု လက်မှတ်ရေးထိုးပြီးနောက် မြန်မာအစိုးရတပ်ဖွဲ့က မွန်ပြည်သစ်ပါတီတပ်ဖွဲ့အား ပထမဆုံးအကြိမ်အတင်းအကြပ် တပ်စခန်းဖယ်ရှားခိုင်းခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts