Homeသတင်းတစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်

တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်

-

မင်းလုံး – တိုင်းရင်းသားများ တောင်းဆိုနေသည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လာမည့် နိုဝင်ဘာလပထမအပတ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု အစိုးရဘက်က ပြင်ဆင်နေသည်။

အပစ်အခတ်ရပ်အဖွဲ့ ၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း တွေ့ဆုံဆွေးနွေးပွဲ(Hla Mg Shwe)
အပစ်အခတ်ရပ်အဖွဲ့ ၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း တွေ့ဆုံဆွေးနွေးပွဲ(Hla Mg Shwe)
နိုင်ငံရေးဆွေးနွေးပွဲ Political Dialogue ကိုကျင်းပနိုင်ရန် ဆွေးနွေးပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် Framework meeting မူဘောင်များကို အားလုံးအတူညှိနှိုင်းပြီးမှ ဆောင်ရွက်နိုင်မည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

သူက “Framework meeting မှာညှိနှိုင်းဖို့အတွက် အရင်ဆုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲကို ဆောင်ရွက်ရမယ်၊ တိုင်းရင်းသားတွေဘက်ကလဲ လက်မှတ်ထိုးဖို့လိုလားလို့မေးလာရင် ကျနော်တို့က အပစ်အခတ်ရပ်စဲရေးဟာ ပြည်နယ်အဆင့်မှာထိုးပါတယ်၊ အခုဟာက နိုင်ငံရေးဆွေးနွေးပွဲအတွက် ဘယ်နေ့၊ ဘယ်ရက်လောက်မှာလုပ်သွားဖို့အတွက် အပြန်အလှန်ဂတိဝန်ခံလက်မှတ်ရေးထိုးရတယ်လို့ဖြေမယ်”ဟု ပြောသည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် မွန်၊ ကရင်ဒေသရှိ အပစ်အခတ်ရပ်အဖွဲ့ ၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိလုပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အနာဂတ်တွင် ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးဆွေးနွေးပွဲအကြောင်းအရာများကိုလည်း ရှင်းပြခဲ့သည်ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

မွန်တိုင်းရင်းသားကွန်ဖရင့်သို့ အစိုးရဧည့်သည်တော်အဖြစ်တက်ရောက်လာသည့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူ၊ ဒီကေဘီအေနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီကိုယ်စားလှယ်များ မွန်ပြည်နယ်အစိုးရရုံးခန်းမ၌ ထိုနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)-စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကျော်ယဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီတို့ တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာလတွင်ကျင်းပမည့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတက်ရောက်မည့်ကိစ္စရပ်များကို တိုင်းရင်းသားလက်နက်ကိုင် ၄ ပါတီအနေဖြင့် သက်ဆိုင်ရာမိခင်ပါတီအသီးသီးသို့ ပြန်လည်တင်ပြအဆုံးအဖြတ်ရယူပြီးမှ အကြောင်းပြန်ကြားမည်ဟု မွန်ပြည်သစ်ပါတီမှသိရသည်။

ထို့အပြင် မြန်မာ့ငြိမ်းချမ်းရေးစင်တာအဖွဲ့သည် မကြာခင်ရက်ပိုင်းတွင် KIO အဖွဲ့နှင့် မြစ်ကြီးနားမြို့၌ သွားရောက် ဆွေးနွေးလိမ့်မည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts