spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းကျောင်းချိန် မွန်စာပေသင်ကြားခွင့် ပြည်နယ်လွှတ်တော် မဆုံးဖြတ်နိုင်

    ကျောင်းချိန် မွန်စာပေသင်ကြားခွင့် ပြည်နယ်လွှတ်တော် မဆုံးဖြတ်နိုင်

    -

    မင်းသုတ – ကျင်းပဆဲပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် ကျောင်းချိန်အတွင်း မွန်စာပေသင်ကြားရေးနှင့်ပတ်သက်သောအဆိုတင်ပြခဲ့ရာ ပြည်နယ်လွှတ်တော်က အဆုံးမဖြတ်မပေးနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(Internet)
    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(Internet)
    ကျောင်းချိန်အတွင်း မွန်စာပေသင်ကြားရေးအတွက် မွန်ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာပညာရေးဝန်ကြီး ဌာနနှင့် ဆက်လက်ညှိနှိုင်းသွားရန် ပြည်နယ်လွှတ်တော်ဥက္ကဌဦးကျင်ဖေက စက်တင်ဘာလ ၁၈ ရက်နေ့အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    ကျိုက်မရောမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မြေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းစံတင်က “ကျောင်းချိန်ပြင်ပမှာ မွန်စာပေသင်တာ ကျောင်းသားတွေအာရုံစူးစိုက်မှုမရှိနိုင်သလို ကျူရှင်အချိန်တွေနဲ့လည်း တိုက်နေတယ်၊ ဒါကြောင့်ထိရောက်နိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နေသော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ပြည်နယ်လွှတ်တော်အမတ်များက ကျောင်းချိန်မွန်စာပေသင်ကြားနိုင်ရေးအတွက် အဆိုပြုဆွေးနွေး တင်ပြခဲ့ကြသည်ဟု သိရသည်။

    အစိုးရခွင့်ပြုထားသည့် ကျောင်းချိန်ပြင်ပ မွန်စာပေသင်ကြားရေးသည် အတန်းတင်စာမေးပွဲနှင့် မသက်ဆိုင်သည့် အပိုဘာသာရပ်တစ်ခုဖြစ်နေသောကြောင့် လေးနက်မှုရှိမည်မဟုတ်ကြောင်း မွန်ကျောင်းဆရာများက ထောက်ပြပြောဆိုနေကြသည်။

    “မွန်စာပေသင်ကြားရေးအတွက် အစိုးရကဘတ်ဂျက်ဘယ်လောက်ချထားပေးသလဲ- မသိရပါဘူး၊ ဒီနေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်၊ NGO ကထောက်ပံ့ငွေဆိုရင်တော့ ရေရှည်သွားနိုင်မှာ မဟုတ်ဘူး” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    မွန်ကျောင်းဆရာများ ခန့်အပ်ရေး၊ ဆရာဖြစ်သင်တန်းများ၊ ကျောင်းဆရာအရေအတွက် သတ်မှတ်ရေးတို့တွင် အစိုးရခွင့်ပြုဘတ်ဂျက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း သူကဆက်ပြောသည်။

    ဒေါက်တာဗညားအောင်မိုးက “ကျောင်းချိန်ပြင်ပဆရာတွေဆိုရင် ပညာရေးဌာနက ခန့်အပ်တဲ့ တရားဝင်လစာရမှာလား၊ အပျော်တမ်းလုပ်အားပေးဆရာလား၊ ကျောင်းသားတစ်ထောင်ရှိတဲ့ ကျောင်းမှာ ဆရာအရေတွက် ဘယ်လောက်ထားမှာလဲ၊ စနစ်တကျမစီမံနိုင်ဘူးဆိုရင် အခက်အခဲအမျိုးမျိုးကြုံတွေ့လာနိုုင်တယ်” ဟု ပြောသည်။

    ထို့အပြင် မွန်စာပေသင်ကြားရေးကိစ္စရပ်များတွင် ဥပဒေအရသတ်မှတ်ပြဌာန်းထားခြင်းမရှိပါက တိုင်းရင်းသားစာပေသင်ကြားမှုသည် အခြေခံပညာသင်ကြားမှုအား အနှောက်အယှက်ပြုနိုင်သည်ဟု အကြောင်းပြဝေဖန်စရာဖြစ်လာပြီး သင်ကြားခွင့်ပြန်လည်ပိတ်ပင်လာသည်အထိ ဖြစ်ပေါ်လာနိုင်ကြောင်း ဗညားအောင်မိုးက ဆက်လက်ထောက်ပြသည်။

    သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေများပါတီများမှ ခေါင်းဆောင်များအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ကနေပြည်တော်၌ တွေ့ဆုံခဲ့စဉ် အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားရေးအတွက် တနှစ်လျှင် ဒေါ်လာတစ်သန်း ထောက်ပံ့သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

    ထိုနောက် ပြည်ထောင်စုပညာရေးဝန်ကြီးဌာနက ပြည်နယ်များအသီးသီး၌ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာအလိုက် ကျောင်းချိန်ပြင်ပစာပေသင်ကြားခွင့်ပြုခဲ့သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် လက်ရှိတွင် စတင်အကောင်အထည်မဖော်နိုင်သေးခဲ့ပေ။

    ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအရ မြန်မာစစ်အစိုးရအာဏာလွှဲပြောင်းခဲ့ပြီး ဖြစ်ပေါ်လာသော ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်၌ ကျောင်းချိန်တွင်းမွန်စာပေသင်ကြားနိုင်ရေးအတွက် ဥပဒေကြောင်းအရ တရားဝင်အသိအမှတ်ပြုရန် မွန်ဒေသလုံးဆိုင်ရာပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကြိုးပမ်းချက်တစ်ရပ်ဟု ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks