Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ဘုန်ကြီးကျောင်းသင် ဆရာများအား ထောက်ပံ့ကြေးပေး

    မွန်ပြည်နယ် ဘုန်ကြီးကျောင်းသင် ဆရာများအား ထောက်ပံ့ကြေးပေး

    -

    မင်းလုံး – မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းဆရာ၊ ဆရာမများအတွက် ငွေကျပ် ၂၈၁ သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

    ဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းတစ်ကျောင်း(Internet)
    ဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းတစ်ကျောင်း(Internet)
    မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်း ၅၈ ကျောင်းမှ ဆရာ၊ ဆရာမ ၁၈၉ ဦး အတွက် ဧပြီလမှဇူလိုင်လအထိ ၄ လစာထောက်ပံ့ငွေများကို ပြည်နယ်ဘုန်းတော်ကြီးကျောင်း၊ ကြီးကြပ်ရေး ဆရာတော်များမှတဆင့် ဆရာ၊ ဆရာမများထံသို့ ယခုလဒုတိယအပတ်တွင် ပေးအပ်ထားပြီဖြစ်ကြောင်း မွန်ပြည်နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    သူမက “အစည်းအဝေးမှာပြောထားတာက တစ်နှစ်ပတ်လုံးအတွက်ထောက်ပံ့ပေးမယ်၊ အခုလောလောဆယ်မှာတော့ ပြီးခဲ့တဲ့ ၄ လစာအတွက်ပဲ ငွေချထားပေးထားတယ်” ဟု ပြောသည်။

    မွန်ပြည်နယ် ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် မူလတန်း ဆရာ၊ ဆရာမ စုစုပေါင်း ၁၅၂ ဦးအတွက် တစ်ဦးလျှင်တစ်လစာထောက်ပံ့ငွေ ၃၆၀ဝ၀ ကျပ်ဖြစ်ပြီး မူလွန်တန်းနှင့် အလယ်တန်းတွင် ကျောင်းဆရာ၊ဆရာမ ပေါင်း ၃၇ ဦးရှိရာ တစ်ဦးလျှင် ၄၁၀ဝ၀ ကျပ် ထောက်ပံ့ပေးကြောင်း သိရသည်။

    “ကျောင်းဆရာ၊ ဆရာမတွေကို အထက်ကခွဲပေးလိုက်တဲ့ခွဲတန်းအတိုင်းပဲ ကျမတို့ခွဲပေးတာပါ ငွေကြေးအထောက်အပံ့တွေကိုတော့ ဆရာတော်ကြီးတွေနဲ့ ပြည်နယ်ကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်တွေက ကိုင်ကြတယ်” ဟု သူမက ဆက်ပြောသည်။

    ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ် တို့၏ကျေးလက်ဒေသများတွင်ရှိသော မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးသောမိသားစုများ၏ ကလေးသူငယ်များအား အခမဲ့ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးပညာသင်ကျောင်းများအတွက် ဂျပန်နိုင်ငံမှထောက်ပံ့ရေးအစီအစဉ်ဖြစ်သည်။

    ထို့အပြင် ကျောင်းသားဦးရေပိုမိုများပြားလာသည့်အတွက် လက်ခံသင်ကြားပေးရန် နေရာအလုံအလောက်မရှိသဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန် ထောက်ပံ့သွားမည်ဟုလည်း ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

    ကျေးလက်ဒေသအသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဘုန်းတော်ကြီးပညာသင်ကျောင်းဆောင်များပြုပြင် ဆောက်လုပ်ရေးအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ထောက်ပံ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks