Homeသတင်းအစိုးရစစ်တပ်၏ ပတ်ခတ်မှုကိစ္စနှင့် ဖမ်းဆီးခေါ်ဆောင်သွားမှု မွန်ပြည်သစ်ပါတီ ဆက်လက်ညှိုနှိုင်းဆဲ

အစိုးရစစ်တပ်၏ ပတ်ခတ်မှုကိစ္စနှင့် ဖမ်းဆီးခေါ်ဆောင်သွားမှု မွန်ပြည်သစ်ပါတီ ဆက်လက်ညှိုနှိုင်းဆဲ

-

ခတ္တာနန်း – ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီတပ်နှင့် မြန်မာအစိုးရတပ်မတော်တို့ ပစ်ခတ်မှု ကိစ္စရပ်များအပြင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်ထားသည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်နှင့် ဇနီးတို့အား ပြန်လည် လွတ်မြောက်ရေးအတွက် ညှိုနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း မွန်ပြည်သစ်ပြည်တွင်းရေးရာ ဌာနကြီးတာဝန်ခံ နိုင်တလညီက ပြောသည်။

နိုင်တလညီက “ ကျနော်တို့အနေနဲ့ကတော့ ပစ်ခတ်မှုကိစ္စရော၊ ဖမ်းဆီခေါ်ဆောင်သွားတဲ့ သူတွေရဲ့ကိစ္စကိုပါ ညှိုနှိုင်းစာတင်ထားပါတယ် ဒါပေမဲ့ သူတို့ဘက်က အကြောင်းမပြန်ရသေးပါဘူး” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ပစ်ခတ်မှုကိစ္စရပ်နှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်ဖွဲ့ဝင်များ ကိစ္စရပ်များကို Myanmar Peace Center (MPC) နှင့် အရှေ့တောင်တိုင်း စစ်ဌာနချူပ်သို့ တင်ပြထားကြောင်း သို့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်းဟု သိရသည်။

အစိုးရတပ်အနေနှင့် နိုင်ပန်းညွန့်ဦးဆောင်သည့် ဟံသာဝတီပြန်လည်ထူထောင်ရေးအဖွဲ့နှင့် မှားယွင်း၍ ပစ်ခတ်မှုဖြစ်ပေါ်ရကြောင်း နိုင်တလညီက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီ တပ်မှုးဗိုလ်ကြီး တမော့ချမ်းက “ကျနော်တို့ကတော့ အခုအချိန်မှာ ဘာမှ ဆက်မလှုပ်ရှားဘူး၊ ရွာကို ပြန်ရင် နောက်ထပ်ပစ်ခတ်မှုတွေ ထပ်ဖြစ်မှာစိုးရိမ်တာရယ်၊ အထက်ကနေ တစ်စုံတရာ ဖြေရှင်းချက်မရသေးခင်အထိတော့ ကျနော်တို့ စောင့်ကြည့်သွားမှာပါ” ပြောသည်။

အစိုးရတပ်မှ ခေါ်ဆောင်သွားသည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များကို ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံရွာတွင် ထိမ်းသိမ်းထားကြောင်းကိုလည်း ဆက်ပြောသည်။

မြန်မာအစိုးရတပ် ခမရ ၅၉၇ စစ်ကြောင်းသည် ထိုင်းနယ်စပ်မှ ၁၀ မိုင်ခန့်ဝေးသည့် သုမင်္ဂလံရွာသစ်သို့ ရောက်ရှိ အခြေပြုခဲ့ကြောင်း၊ ထိုစစ်ကြောင်းနှင့် လွန်ခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်တွင် သုမင်္ဂလံရွာရှိ မွန်ပြည်သစ်ပါတီ ကင်းစခန်းတစ်ခုအား ဝင်ရောက် ပစ်ခတ်သဖြင့် မွန်ပြည်သစ်ပါတီ ရဲဘော် ၂ ဦးကျဆုံးသည့်အပြင် သေနတ် ၂ လက်နှင့် ခဲယမ်းပစ္စည်းများ ကိုပါ သိမ်းဆည်းခဲ့သည်။

ထိုတိုက်ပွဲတွင် မွန်ပြည်သစ်ပါတီမှ ရဲဘော်နိုင်ရှိန် (အသက် ၄၀)၊ မင်းချမ်းမွန် (အသက် ၂၀) နှင့် အစိုးရတပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးနိုင် သေနတ်ထိမှန် သေဆုံးခဲ့သည်။

အစိုးရစစ်ကြောင်းများဖြစ်ကြသည့် ခလရ ၂၂၄၊ ခလရ ၂၈၈၊ ခမရ ၅၉၇ တပ်ခွဲစစ်ကြောင်းများသည် မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များ နေထိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် အရှေ့ဘက်ရှိ သူမင်္ဂလံရွာနှင့် အနီးတဝိုက်တွင် နေရာယူထားသဖြင့် ဒေသခံများအားလုံး ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts