spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအစိုးရနှင့်နိုင်ငံရေးဆွေးနွေးပွဲကို ကေအဲန်ယူဦးဆောင်ရန် ကရင်လက်နက်ကိုင်များဆုံးဖြတ်ခဲ့

    အစိုးရနှင့်နိုင်ငံရေးဆွေးနွေးပွဲကို ကေအဲန်ယူဦးဆောင်ရန် ကရင်လက်နက်ကိုင်များဆုံးဖြတ်ခဲ့

    -

    ပကောင်းနွန်း – အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးသည့်အခါ အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကိုယ်စား ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သွားရန် မေလ ၃၁ နေ့က ပြုလုပ်ခဲ့သော ကရင်လက်နက်ကိုင်တပ်ဖွဲ့များ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ကေအဲန်ယူ အထွေထွေအတွင်းရေးမှုး ဗဒိုစောကွယ်ထူးဝင်းက ပြောသည်။

    ၉ ကြိမ်မြောက် ကရင့်အမျိုးသားညီညွတ်ရေး နှီးနှောဖလှယ်ပွဲ(Facebook)
    ၉ ကြိမ်မြောက် ကရင့်အမျိုးသားညီညွတ်ရေး နှီးနှောဖလှယ်ပွဲ(Facebook)
    သူက “အစိုးရနဲ့နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါ ကျနော်တို့ ကေအဲန်ယူ ဦးဆောင်ပေးဖို့ ပြောတာပါ။ ဆွေးနွေးပွဲ မပြုလုပ်ခင် ဆွေးနွေးမယ့်အချက်တွေကို ကျနော်တို့ ကရင်လက်နက်ကိုင်အားလုံးရဲ့ အကြံပြုချက်တွေကိုလည်း ယူဖို့လိုအပ်ပါတယ်”ဟု ဆိုသည်။

    တက်ရောက်သည့် ကိုယ်စားလှယ်များတွင် ကရင်အမျိုးသား အစည်းအရုံး KNU ၊ DKBA ၊ BGF ၊ ဟောင်သရောအထူးဒေသ KPF ၊ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့တို့ ပါဝင်ပြီး စစ်ဖက်ကိုယ်စားလှယ်(၆၀) ကျော်နှင့် အရပ်ဖက်ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း တစ်ရာကျော် ပါဝင်သည်ဟု သိရသည်။

    အဆိုပါကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ KNU/KNLA-PC၊ BGF၊ DKBA၊ KPF နှင့် ဘုရားကုန်းငြိမ်းချမ်းရေး အဖွဲ့တို့သည် မေ ၂၈ ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ဌာနချုပ်၌ ကရင့်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

    ကရင့်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဗိုလ်ချုပ်ကြီးဂျော်နီ ဦးဆောင်သော KNU အဖွဲ့ဝင် ၃ ဦး၊ ဗိုလ်မှူးချုပ်ရင်နု ဦးဆောင်သော KNU/KNLA(PC) အဖွဲ့ဝင် ၃ ဦး၊ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော BGF ကိုယ်စားလှယ် ၃ ဦး၊ ဗိုလ်မှူးချုပ်ကျော်သက် ဦးဆောင်သော DKBA ကိုယ်စားလှယ် ၃ ဦး၊ ဗိုလ်မှူးဖားတားဒါး ဦးဆောင်သော KPF ကိုယ်စားလှယ် ၃ ဦး၊ ဗဒိုစောမြင့်သန်း ဦးဆောင်သည့် ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် ၂ ဦးတို့ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။

    အထူးသဖြင့် ကရင့်လက်နက်ကိုင် ညီညွတ်ရေးကော်မတီသည် ကရင် လက်နက်ကိုင် အဖွဲ့များအကြား စစ်မက်မဖြစ်ပွားရေးနှင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လက်နက်ဖြင့် ဖြေရှင်းခြင်းထက် ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    အလားတူ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ KNU ၏ လေးဝါးစခန်းတွင် တနင်္လာနေ့မှ စတင်ပြီး ၅ ရက်ကြာကျင်းပခဲ့သည့် ၉ ကြိမ်မြောက် ကရင့်အမျိုးသားညီညွတ်ရေး နှီးနှောဖလှယ်ပွဲ၌ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ကရင်အမျိုးသားတို့၏ ကံကြမ္မာအတွက် အဓိကထား ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံရေးအမြတ်ထုတ်အသုံးချခြင်း မခံရအောင် အထူးသတိပြုဆောင်ရွက်ရန် ကရင့်အမျိုးသားအရေးဆောင်ရွက်နေကြသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၄၀ကျော်က ကရင်အမျိုးသားအစည်းအရုံး KNU ကို တိုက်တွန်းလိုက်သည်။

    ၄င်းအပြင် တိုင်းရင်းသားအားလုံးပါဝင်နိုင်မည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကလိုထူးဘောတပ်ဖွဲ့ DKBA ထိန်းချုပ်နယ်မြေတွင် စီစဉ်ကျင်းပသွားရန် စီစဉ်နေသည်ဟု ထုတ်ပြန်ကြေညာချက်အရ သိရသည်။

    အဆိုပါဆွေးနွေးပွဲကို ကလိုထူးဘောတပ်ဖွဲ့ (DKBA) ဌာနချုပ်တည်ရှိရာ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင် ကျေးရွာ၌ ဇွန်လ ၁၅ ရက်နေ့၌ကျင်းပမည်ဖြစ်ပြီး အစိုးရသစ် လက်ထက်တွင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် စုပေါင်းအဖြေရှာရန် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလပညာရှင်များကို ဖိတ်ကြားထားသည်။

    ကရင်လက်နက်ကိုင်အဖွဲ့များသည် မူလက KNU လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် မိခင်ပါတီအဖွဲ့အစည်းမှ ခွဲထွက်ခဲ့ကြခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks