Homeသတင်းဟံသာဝတီအောက်မေ့ဘွယ်အခမ်းအနားများကျင်းပ

ဟံသာဝတီအောက်မေ့ဘွယ်အခမ်းအနားများကျင်းပ

-

မင်းသုတ– ၂၅၆ နှစ် ဟံသာဝတီအောက်မေ့ဘွယ်အခမ်းအနားများကို မွန်သံဃာတော်များနှင့် လူငယ်များဦးစီး၍ ဒေသအသီးသီး၌ ယမန်နေ့တွင် ကျင်းပခဲ့ကြသည်။

မွန်တို့၏ရာဇဌာနီ ဟံသာဝတီ(ပဲခူး) နေပြည်တော်အား မြန်မာဘုရင် ဦးအောင်ဇေယျ(အလောင်းမင်းတြားကြီး) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၁၁၉ (သာသနာသက္ကရာဇ် ၂၃၀ဝ-ခရစ်သက္ကရာဇ် ၁၇၅၇) ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့ကို မွန်တိုင်းရင်းသားများအမှတ်ရသိရှိစေရန် ယင်းနေ့ရက်ရောက်ရှိတိုင်း အောက်မေ့ဘွယ်အခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုင်းမြန်မာနယ်စပ် စံခလပူရီမြို့တွင်ကျင်းပခဲ့သောအခမ်းအနားသို့ တက်ရောက်ခဲ့သူ နိုင်အောင်ပိုင်က “မွန်တို့ရဲ့ အချုပ်အချာဟာ ရာဇဝင်ထဲမှာ မွန်နိုင်ငံတကယ်အခိုင်အမာရှိခဲ့တဲ့အကြောင်း နောင်လာနောက်သားတွေ သိရှိစေဖို့၊ လောကဓံတရားသဘောအရ ဖြစ်ခြင်းပျက်ခြင်းစတဲ့ မတည်မြဲတတ်တဲ့တရားတွေကိုလည်း ရှုမြင်ပြီး သင်ခန်းစာယူတတ်ဖို့နဲ့ အနာဂတ်အတွက် မိမိရဲ့အမျိုးဘာသာ၊ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းကြဖို့ ဒါတွေကို ကျနော်တိုက်တွန်းခဲ့တယ်” ဟု ပြောသည်။

ယင်းဟံသာဝတီ မွန်နေပြည်တော်ကို လွန်ခဲ့သည့် အနှစ် ၁၄၄၀ ဖြစ်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဟံသာဝတီပထမမင်းဆက် သမလနှင့် ဝိမလ ညီနောင်နှစ်ပါး စတင်တည်ထောင်ခဲ့သည့်အတွက် ယင်းနေ့ရက်ကို မွန်အမျိုးသားနေ့ဟုလည်း သတ်မှတ်ခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့တွင် အောက်မေ့ဘွယ်အခမ်းအနားကို Sangkhlia Resort ၌ နံနက် ၈ နာရီအချိန်တွင် သံဃာတော်များထံမှ ပရိတ်တရားတော်နာယူခြင်း၊ ဟံသာဝတီနေပြည်တော်ကြီးကျဆုံးချိန် စစ်ပွဲများအတွင်း ကျဆုံးကွယ်လွန်ခဲ့သူ မွန်စစ်သည်တော်များ၊ သံဃာတော်များနှင့် မွန်ပြည်သူများအား အမျှပေးဝေရေစက်သွန်းလှူခြင်းနှင့် ဟောပြောပွဲအခမ်းအနားများ ကျင်းပခဲ့ရာ ဒေသခံမွန်လူမှုအဖွဲ့အစည်းများနှင့် မွန်လူငယ် ၂၀ဝ ခန့်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အခမ်းအနားတက်ရောက်သူ မွန်လူငယ်တစ်ဦးက “ ကျနော်ငယ်စဉ်အရွယ်က မွန်တို့ရဲ့အချုပ်အချာနိုင်ငံတော် ရှိခဲ့တဲ့အကြောင်း ဒဏ္ဍာရီပုံပြင်ဆန်ဆန်ပဲထင်ခဲ့တယ်၊ ဒီလိုအခမ်းအနားတွေမှာ သမိုင်းအထောက်အထားတွေနဲ့ ရှင်းပြတာတွေ့ရတော့ ရှည်လျားတဲ့မွန်သမိုင်းရာဇဝင်အကြောင်း ပိုသိလာတယ်၊ အနှစ်ထောင်ချီရှည်ကြာခဲ့တဲ့ မွန်တို့အချုပ်အချာနိုင်ငံဟာ သိပ်မကြာသေးတဲ့အနှစ် ၂၅၆ နှစ်ကပဲ ပျက်စီးဆုံးရှုံခဲ့ရတာကို သိရှိခံစားနားလည် လာမိတယ်” ဟု ပြောသည်။

ထို့နောက် ညပိုင်းတွင် မွန်တိုင်းရင်းသားတို့အများစုနေထိုင်ရာ ဝင်းကရွာဗုဒ္ဓဂါယာ စေတီတော်ရှေ့တွင် မွန်လူငယ်များက “ဟံသာဝတီပျက်သုဉ်းခြင်း ၂၅၆ နှစ်” မွန်စာတမ်းအား ဖယောင်းတိုင်များဖြင့် ပုံဖေါ်ထွန်းညှိခဲ့ကြသည်။

အလားတူ ထိုင်းနိုင်ငံရှိ ဒေသခံများနှင့် အထင်ကရမွန်သံဃာတော်ကြီးများ ကြီးမှူးပြီး မဟာချိုင်မြို့၊ ဝတ်ဏင်ကာနွန် မွန်ဘုန်းတော်ကြီးကျောင်းတွင်လည်း ယမန်နေ့ညတွင် အခမ်းအနားကျင်းပခဲ့သည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်၊ မော်လမြိုင်နှင့် အခြားကျေးလက်တောရွာများတွင်လည်း ဒေသခံမွန်လူငယ်များ “ဟံသာဝတီပျက်သုဉ်းခြင်း” စာတမ်း ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြသည်။

အထူးသဖြင့် ဟံသာဝတီပျက်သုဉ်းခြင်းနေ့တွင် လူငယ်များက အင်္ကျီအနက်ရောင်၊ လုံခြည်အနီရောင်ဝတ်စုံများ ဖြင့်ဖယောင်းတိုင် ထွန်းညှိခြင်းအခမ်းအနားများ ကျင်းပခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts