Homeသတင်း“စနောင်းတိုင်း” မွန်ဘာသာသတင်းစာ မကြာမှီဖြန့်ချိတော့မည်

“စနောင်းတိုင်း” မွန်ဘာသာသတင်းစာ မကြာမှီဖြန့်ချိတော့မည်

-

မင်းလုံး – မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် “စနောင်းတိုင်း” (Guiding Star) မြန်မာဘာသာအားဖြင့် “ဓူဝံကြယ်” ဟုအဓိပ္ပါယ်ရသော လစဉ်ထုတ် မွန်သတင်းစာကို ဧပြီလ ၃ ရက်နေ့တွင် စတင်ထုတ်ဝေတော့မည်ဖြစ်သည်။

“စနောင်းတိုင်း” မွန်ဘာသာသတင်းစာသည် အမှတ်(၁)၊ အတွဲ(၁)ဖြစ် စတင်ထုတ်ဝေမည်ဖြစ်ပြီး စာမျက်နှာပေါင်း (၂၄)ခန့်ရှိ အုပ်ရေပေါင်း ၂၅၀ဝ ခန့်ကို တစ်လတစ်ကြိမ် ထုတ်ဝေသွားမည်ဟု သိရသည်။

“လောလောဆယ် သတင်းစာကိုပုံနှိပ်ပြီးနေပြီ၊ လာမယ့်ဧပြီလ ၃ ရက်နေ့မှာ မိက်ဆက်ပွဲ လုပ်ပြီးတော့မှ သတင်းစာတွေကို ထုတ်ဝေမှာဖြစ်တယ်၊ ဒီပထမအကြိမ် ထုတ်ဝေမယ့် အခြေအနေတွေကြည့်ပြီး တစ်လကိုနှစ်ကြိမ် ထုတ်ဝေနိုင်ဖို့ကိုလဲ ကျနော်တို့ စီစဉ်ထားတယ်” ဟု “စနောင်းတိုင်း” သတင်း စာရုံးမှ မင်းသစ္စာခိုင်က ပြောသည်။

မွန်အမျိုးသားဘာသာ သတင်းမီဒီယာဖွံ့ဖြို့ရေးအတွက် “စနောင်းတိုင်း” မွန်သတင်းစာကို တစ်စောင်ကို ကျပ်ငွေ ၅၀ဝ ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

“စနောင်းတိုင်း” မွန်သတင်းစာတိုက်သည် အမှတ်(၉၆)၊ ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာရပ်ကွက် မော်လမြိုင်မြို့တွင်အခြေစိုက်၍ နိုင်စိုင်း(မင်းစိန်တီ)က အယ်ဒီတာချူပ်ဖြစ်ပြီး တိုက်ပိုင်သတင်းထောက် ၁၀ ခန့်ဖြင့် ဖွဲ့စည်းထားကြောင်း မင်းသစ္စာခိုင်က ဆက်ပြောသည်။

မွန်တိုင်းရင်းသားဘာသာသီးသန့်သတင်းစာထုတ်ဝေခွင့်ရရှိရန် ၂၀၁၂ ခုနှစ် ဇူလိုင်လက စတင်ကြိုးပမ်းလာခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလလယ်ပိုင်းတွင် တရားဝင်ထုတ်ဝေခွင့်မှတ်ပုံတင် ရရှိခဲ့ခြင်း ဖြစ်သည်။

“စနောင်းတိုင်း” မွန်သတင်းစာသည် ၁၉၉၉ ခုနှစ် ၉ လပိုင်း ၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်၌ အခြေစိုက်၍ မွန်-မြန်မာနှစ်ဘာသာဖြင့် ပြည်ပမီဒီယာအဖြစ်လစဉ်စတင်ထုတ်ဝေခဲ့ရာ လွန်ခဲ့သည့်မတ်လတွင် ရပ်ဆိုင်းခဲ့ပြီဖြစ်သည်။

အလားတူ မွန်ဘာဖြင့် ၃ လ တစ်ကြိမ်ဖြန့်ဝေနေသော အမာတ်ဒိန်ဂျာနယ်သည်လည်း ယခုအခါ တရားဝင်ထုတ်ဝေခွင့် မှတ်ပုံတင်ရရှိခဲ့ပြီး ဖြစ်သည်။

၁၉၆၂ ခုနှစ်က မီဒီယာအက်ဥပဒေကြောင့် ပြည်တွင်း၌ ထုတ်ဝေနေသော နေ့စဉ်ထုတ်ပုဂ္ဂလိကပိုင်သတင်းစာများနှင့် တိုင်းရင်းသားဘာသာစာစောင်များအား အနှစ် ၅၀ ကျော်ကြာ ထုတ်ဝေခွင့်ပိတ်ပင်ခဲ့ပြီးနောက် ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများနှင့်အတူ နေ့စဉ်ထုတ်ပုဂ္ဂလိကပိုင်သတင်းစာများနှင့် တိုင်း ရင်းသားဘာသာစာစောင်များ တရားဝင်ပြန်လည်ထုတ်ဝေခွင့် ရရှိခဲ့ခြင်းဖြစ်သည်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts