spot_img
Sunday, November 3, 2024
More
    spot_img
    Homeသတင်းကမ်းဝေးလှေများ ကမ်းနီးတွင် ငါးဖမ်းခြင်းကြောင့် တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းထက်ဝက်ခန့် ရပ်နား

    ကမ်းဝေးလှေများ ကမ်းနီးတွင် ငါးဖမ်းခြင်းကြောင့် တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းထက်ဝက်ခန့် ရပ်နား

    -

    Dawei Watch – ကမ်းဝေး ရေပြင်တွင်သာ ငါးဖမ်းခွင့်ပြုထားသည့် ကမ်းဝေး တရွတ်ဆွဲ ငါးဖမ်းစက်လှေ (ဝါလတ်လှေ) များသည် ကမ်းခြေအနီးထိ လာရောက်ပြီး အလွန်အကျွံ ငါးဖမ်းသည့်အတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူထက်ဝက်ခန့်မှာ ဆက်လက်လုပ်ကိုင်နိုင်စွမ်း မရှိတော့ကြောင်း ကာယကံများထံမှ သိရသည်။

    ion-တီဇစ်ကျေးရွာရှိ ကင်းမွန်မြုံး လုပ်ငန်းခွင်အား တွေ့ရစဉ်
    ion-တီဇစ်ကျေးရွာရှိ ကင်းမွန်မြုံး လုပ်ငန်းခွင်အား တွေ့ရစဉ်
    ကမ်းဝေးငါးဖမ်းလှေများကြောင့် ဒေသခံများမှ ကင်းမွန်းမြုံး ရာဂဏန်းအထိ ဆုံးရှုံးလာ ရှိပြီး တီဇစ်ကျေးရွာတွင် ကင်းမွန်မြုံးလုပ်ငန်း လုပ်ကိုင်သူ ၄၀ ဝန်းကျင်ရှိသည့်အနက် ၂၀ ခန့်သည် ဝါလတ်လှေများကြောင့် ဆုံးရှုံးမှုကြုံပြီး လုပ်ငန်း ရပ်ဆိုင်းခဲ့ကြောင်း ဒေသခံများကဆိုသည်။

    ကမ်းခြေအနီးရှိ ကင်းမွန်မြုံးများ ချထားသည့် နေရာများကို ဝါလတ် စက်လှေကြီးများဖြင့် ဝင်ဆွဲသွားသည့်အတွက် ဒေသခံများ ချထားသည့် မြုံးများ ဆက်တိုက် ဆုံးရှုံးလာကြောင်း လောင်းလုံးမြို့နယ်၊ တီဇစ် ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ရေလုပ်သား ဦးအောင်ညွန့်က ပြောသည်။

    ၎င်းက “ဆုံးရှုံးတဲ့ ပမာဏများလို့ ဆက်လုပ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး” ဟု ပြောသည်။

    ဦးအောင်ညွန့်သည် ပြီးခဲ့သည့် သုံးလအတွင်း ကင်းမွန်မြုံး ၅၀ ကျော်နှင့် မျောပိုက် ၂၅ ဖုံ ဆုံးရှုံးခဲ့ဖူးသည်။

    တီဇစ်ကျေးရွာသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းတည်ရှိပြီး ဒေသခံများသည် မျောပိုက်ချခြင်း၊ ကင်းမွန်မြုံး ချခြင်းနှင့် ငါးမျှားခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။

    ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကမ်းခြေအထိသာ သွားရောက်စစ်ဆေးခွင့်ရှိပြီး ပင်လယ်ရေပြင်တွင် စစ်ဆေးပိုင်ခွင့်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်လယ်ပြင်စိုးမိုးရေးတပ်နှင့် ရေတပ်များသာ လုပ်ပိုင်ခွင့်ရှိကြောင်း အထက်ပါ ဌာန တိုင်း ဦးစီးမှုး ဒေါက်တာ ညွှန့်ဝေက ရှင်းပြသည်။

    “ ကျွန်တော်တို့အနေနဲ့ ပင်လယ်ရေပြင်အထိ ဆင်းပြီးစစ်ဆေးလို့မရပါဘူး။ ဒါကို ကာကွယ်ရေး က စာထုတ်ထားတာလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။

    ငါးလုပ်ငန်း ဥပဒေအရ ငါးဖမ်းရေယာဉ်များသည် လိုင်စင်ပါ စည်းကမ်းများကို ဖောက်ဖျက်လျှင် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ် သုံးသိန်းဖြစ်စေ၊ ပြစ်ဒဏ်နှစ်ခုစလုံးကို ဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားသည်။

    “ ဒီနှစ်ထဲမှာ အရေးယူတာ ၁၆ စင်းရှိပါတယ်။ ဒါပေမယ့် ဖမ်းတဲ့လှေတွေကလည်း ဖမ်းတုန်းပါပဲ” ဟု ဒေါက်တာညွန့်ဝေ က ဆက်ပြောသည်။

    ကာကွယ်ရေး ဦးစီးဌာနမှသာလျှင် စစ်ဆေးပိုင်ခွင့်ရှိသည့် မြန်မာ့ ပင်လယ်ပြင်တွင် ယင်းသို့ စည်းကမ်းဖောက်ဖျက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်ပေါ် မှတ်ချက်ပေးရန် ဒေါက်တာ ညွန့်ဝေက ငြင်းဆိုခဲ့သည်။

    သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာနကိုမူ Dawei Watch က ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။

    ဝါလတ်လှေများသည် ပင်လယ်ဒီရေ ထရက်ဖြစ်သည့် မြန်မာ ရက် လဆန်း ၁၃ ရက်နေ့မှ လဆုတ် ၅ ရက်အထိ (၈) ရက်အတွင်း ကမ်းနီးသို့ နေ့ရော ညပါ ဝင်ရောက်ဖမ်းဆီးပြီး ကျန်ရက်များ၌ ညအချိန် စက်လှေမီးများ ပိတ်ပြီး ဝင်ရောက်ဖမ်းဆီးကြောင်း ဒေသခံများက ရှင်းပြသည်။

    ကမ်းနီးသို့ ဝင်ရောက်ဖမ်းဆီးချိန်တွင် စက်လှေအမှတ်များ၊ အမည်များကို ဖုံးအုပ်ထားပြီး ဝင်ရောက်ဖမ်းဆီးသည့် လှေများမှာ တနင်္သာရီကမ်းရိုးတန်း ငါးဖမ်းကွက်မှ လှေများဖြစ်ကြောင်း ဒေသခံ ရေလုပ်သားများကဆိုသည်။

    ငါးလုပ်ငန်း ဥပဒေအရ ပင်လယ်ကမ်းဝေး ငါးဖမ်းလိုင်စင်ရရှိထားသည့် ငါးဖမ်းလှေများသည် ဧရာဝတီ၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းတွင် ကမ်းခြေမှ (၁၀) မိုင်အကွာ၊ ရခိုင်ကမ်းရိုးတန်းရေပြင်တွင် ကမ်းခြေမှ (၅) မိုင် အကွာတွင် အသီးသီး ဖမ်းဆီးရမည်ဖြစ်သည်။

    ကင်းမွန်မြုံး ချသည့် လုပ်ငန်းအား ထားဝယ်ဒေသတွင် တီဇစ်၊ ညောပြင်၊ ကျောက်ထရံ၊ ရှမ်းမော် စသည့် ကျေးရွာများတွင် အများစု လုပ်ကိုင်ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    29,800SubscribersSubscribe
    spot_img

    Latest posts