Homeသတင်းနာဇီဝါဒဖြန့်သလို မြန်မာအစိုးရကျင့်သုံးနေဟု UNFC ထုတ်ပြန်

နာဇီဝါဒဖြန့်သလို မြန်မာအစိုးရကျင့်သုံးနေဟု UNFC ထုတ်ပြန်

-

မင်းသုတ – ကချင်ဒေသ လဂျားယန်နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို မြန်မာအစိုးရရပ်ဆိုင်းမည်ဟုသတင်းထုတ်ပြန်ခဲ့သော်လည်း လက်ရှိမြန်မာ့တပ်မတော်စစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်နေသည့်လုပ်ရပ်များအား နာဇီဝါဒဖြန့်သလိုကျင့်သုံးနေသည်ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

KIO ဗဟိုကော်မတီ၏ထုတ်ပြန်ချက်(KIO)
KIO ဗဟိုကော်မတီ၏ထုတ်ပြန်ချက်(KIO)

မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ထုတ်ပြန်ချက်တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ဝ၆၀ဝ နာရီမှစတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း လဂျားယန်ဒေသတဝိုက်တွင် မြန်မာ့တပ်မတော်၏မြေပြင်စစ်ဆင်ရေးအပြင် စစ်တိုက်လေယာဉ်များဖြင့် ယနေ့ထက်တိုင် ဆက်လက်တိုက်ခိုက်နေဆဲဟု UNFC ဒု-ဥက္ကဌ စောဒေးဗစ် သာကပေါက ပြောသည်။

သူက “တိုက်ပွဲအခြေအနေက ဆက်ဖြစ်နေတုန်းပဲ၊ ရှေ့တန်းကို ညွှန်ကြားချက်မရောက်ဘူးလို့ ဆိုကြတာလဲရှိတယ်၊ အစိုးရကစစ်ရပ်စဲတယ်လို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ပြီး စစ်တပ်ဘက်က စစ်တိုက်နေတာဟာ ဒုတိယကမ္ဘာစစ်လက်ထက် နာဇီတွေရဲ့လုပ်ရပ်အတိုင်းပါပဲ” ဟု ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ မြန်မာအစိုးရသတင်းထုတ်ပြန်ပြီးနောက်ရက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် KIO/KIA ကလွဲ၍ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် Political Dialogue ကိစ္စရပ်များ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီးဟု မိန့်ခွန်းများတွင်ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်လှုပ်ရှားမှုများကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုများကို လျှော့ချသင့်ပြီး ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း KIO ဗဟိုကော်မတီဝင်များက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် ယမန်နေ့မိန့်ခွန်းတွင် “ငြိမ်းချမ်းရေးဖြစ်စဉ်တွေဆိုတာ ခေါင်းဆောင်ပိုင်းသက်သက်က လက်မှတ်ထိုးရုံ လက်ဆွဲနှုတ်ဆက်လိုက်ရုံနဲ့ မလုံလောက်ပါဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ ဆိုတာလူထု ကလည်း ပါဝင်လာနိ်ုင်ဖို့လိုပါတယ်၊ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု နားလည်မှုတွေကို လူထုဆီရောက်အောင် ပို့ပေးနိ်ုင်ဖို့အတွက် Civil Society လို့ဆိုတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တပ်မတော်အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရုံမှအပ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ်ထံညွန်ကြားခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

စောဒေးဗစ် သာကပေါက “KIO ရော UNFC နဲ့ပါဆွေးနွေးပွဲဖြစ်ဖို့ဆိုတာ အစိုးရဘက်မှာမူတည် ပါတယ်၊ KIO က UNFC အဖွဲ့ဝင်ဖြစ်နေတယ်၊ KIO တစ်ဖွဲ့ထဲကို ဗမာစစ်တပ် ကသဲကြီးမဲကြီးစစ် တိုက်နေတယ်၊ ဒီအတိုင်းသာတိုက်ပွဲတွေ ဆက်ဖြစ်နေရင် တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုတွေ နည်းပါးနေကြမှာပဲ” ဟု ပြောသည်။

မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထိုးစစ်များရပ်ဆိုင်းမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ကချင်ဒေသတွင် တိုက်ပွဲအကြီးအကျယ် ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။

ဆက်စပ်သတင်း

1 COMMENT

  1. ဒါပေမယ် UNFC ခဗျား အခုဖြစ်နေတဲ့ တိုက်ပွဲ များ ပိုမိုဖြစ်ပွား နေပါတယ်….ဒီအပေါ် UNFC များဘယ်လိုနည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက် နိုင်မှာ ပါလဲ။ အစိုးရက ညာတယ် ထိုးစစ်ဆင်တယ် တိုက်တယ် ဆိုတာ သိသိ ရဲ သားနဲ ကချင်ပြည်သူ များ တိုက်ပွဲ ထဲသေကြေနေရတာတွေ အတွက် က ကော် ဖြေရှင်း မဲနည်းလမ်းများ မရှိ တော့ဘူးလား ..ပင်လုံ က ကော် အခွင်လမ်း မရှိတော့ဘူးလား ခများ?

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts