Homeသတင်း ပြည်ထောင်စုလွှတ်တော်ပဉ္စမကာလတိုစီမံကိန်းအား မွန်လွှတ်တော်အမတ်နှစ်ဦးဆွေးနွေးတင်ပြ

ပြည်ထောင်စုလွှတ်တော်ပဉ္စမကာလတိုစီမံကိန်းအား မွန်လွှတ်တော်အမတ်နှစ်ဦးဆွေးနွေးတင်ပြ

-

မင်းသုတ – ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ဖြစ်သည့် ယမန်နေ့တွင် မွန်တိုင်းရင်းသားလွှတ်တော်အမတ်နှစ်ဦးတို့က ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတိုစီမံကိန်းအပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မိမြင့်သန်း၏ ၂၀၁၀ ရွေးကောက်ပွဲစည်းရုံးရေးခရီးစဉ်(AMDP)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မိမြင့်သန်း၏ ၂၀၁၀ ရွေးကောက်ပွဲစည်းရုံးရေးခရီးစဉ်(AMDP)
ရေးမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်းက “အခြေခံပညာရေးမူဝါဒနဲ့ပတ်သက်ပြီး  ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရင့်သန်ခိုင်မာပြီး တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့် စာပေများကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ဆိုတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးများ၏ စကားလုံးကို ထပ်ဖြည့်စွက်ချင်ပါတယ်ရှင့်”ဟု ဆွေးနွေးတင်ပြခဲ့သည်။

ထို့အပြင် အဆင့်မြင့်ပညာရေး၏ လုပ်ငန်းစဉ်များတွင် ပြည်နယ်တွင်းရှိ တက္ကသိုလ်များတွင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ၏ စာပေကို အထူးပြုဘာသာရပ် ( Major Subject) ဖွင့်လှစ်သင်ကြားလေ့လာပြီး ဘွဲ့တံဆိပ်အဆင့်ဆင့်ပေးရန်၊ စာပေသည်လူမျိုး၏အသက်ဖြစ်သည့်အတွက် ဘဏ္ဍာရေးမလုံလောက်ပါဟု အကြောင်းပြပြီး မငြင်းပယ်သင့်ကြောင်း သူမက လွှတ်တော်သို့ ဆက်လက်ဆွေးနွေးတင်ပြခဲ့သည်။

သူမအနေဖြင့် ကျန်မာရေးကဏ္ဍနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများသည် လူနာများအပေါ် စေတနာ၊ မေတ္တာ ပြည့်ဝ၍ ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံရန်နှင့် လူနာများအပေါ် အမှန်တစ်ကယ် အနစ်နာခံနိုင်ရန်အတွက် လေ့ကျင့်ပေးရန်ဟုလည်း ဆွေးနွေးတင်ပြခဲ့သည်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) ရေးမြို့နယ်အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ ပြည်သူအများစု လျှပ်စစ်တပ်ဆင်သုံးစွဲနိုင်ရန်အတွက် မီတာတစ်လုံး၏ တန်ဘိုးကို ဈေးဆိုင်မှာ ရောင်းချသည့် ဈေးနှုန်းအတိုင်းသာသတ်မှတ်သင့်ပြီး မီတာထိန်းသိမ်းခငွေကျပ်တစ်ထောင်ကို မယူရန်”ဟု ဆွေးနွေးခဲ့သည်။

ထို့နောက် ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲမှုပြုလုပ်ခဲ့သည့်နောက်ပိုင်းတွင် ရေးမြို့နယ်အတွင်း စစ်တပ်သိမ်းယူထားသောဥယျာဉ်ခြံမြေများအား တပ်စခန်းကခြံပိုင်ရှင်ကို သီးစားပြန်ချခြင်း၊ ထို့ကြောင့်ခြံဥယျာဉ်ပိုင်ရှင်များသည် လူနေမှုအဆင့်အတန်းကျဆင်းပြီး ဆင်းရဲဒုက္ခရောက်ကြရခြင်း၊ အချို့နေရာများတွင် စစ်တပ်သိမ်းသိမ်းဆည်းလယ်မြေများအား ပိုင်ရှင်လယ်သမားအား ပြန်လည်ခိုင်းစေခြင်းစတဲ့အချက်တွေဟာ လူ့အခွင့်ရေးစံနှုန်းများနှင့် မကိုက်ညီပါကြောင်း စသည့်အချက်များကိုလည်း ဒေါက်တာဗညားအောင်မိုးက ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

၂၀၁၂ နိုဝင်ဘာလတတိယပတ်တွင် ရပ်နားခဲ့သောလွှတ်တော်အသီးသီး၏ ပုံမှန်အစည်းအဝေးများကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများနှင့်အတူ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကိုလည်း ဆက်လက်ကျင်းပနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts