Homeသတင်းသေမင်းတမန် မီးရထားလမ်း ပြတိုက်ကို တလမွန် ကုမ္ပဏီက ပြန်လည် ဆောက်လုပ်မည်

သေမင်းတမန် မီးရထားလမ်း ပြတိုက်ကို တလမွန် ကုမ္ပဏီက ပြန်လည် ဆောက်လုပ်မည်

-

မင်းတော်လဝီ – မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ နာမည်ကျော် သေမင်းတမန် မီးရထားလမ်း ပြတိုက်ကို မွန်အမျိုးသားပိုင် တလမွန် စီးပွားရေး လုပ်ငန်းအဖွဲ့မှ ပြန်လည် ဆောက်လုပ်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဌက ပြောသည်။

သံဖြူဇရပ် ဓနသဟာယ စစ်သင်းချိုင်းဖြစ်တည်ရာဝမ်းနည်းမှတ်တမ်းတစ်ခု
သံဖြူဇရပ် ဓနသဟာယ စစ်သင်းချိုင်းဖြစ်တည်ရာဝမ်းနည်းမှတ်တမ်းတစ်ခု
ယခုမီးရထား ပြတိုက်သည် ထင်ရှားသည့် ပြယုဂ်နှင့် သမိုင်းဝင် နေရာအဖြစ် တည်ရှိနေသော်လည်း ပြုပြင်ထိန်သိမ်းမှု နည်းခဲ့သည့်အတွက် ဟောင်းနွမ်းပြီး ဂုဏ်သတင်း မှေးမှိန်နေရသည်။

ယခုအခါ တလမွန်က ဆောက်ခွင့်ရပြီဟု တလမွန် စီးပွားရေး လုပ်ငန်းရှင်အဖွဲ့ ဥက္ကဌ နိုင်မောင်တိုးက ပြောသည်။“ဒီပြတိုက် ဧရိယာ ၆ ဒဿမ ၄ ဧကရဲ့ မြေနေရာ အားလုံးကို တလမွန်က ဆောက်လုပ်ခွင့် ရလိုက်တာပါ။

မီးရထား ပြတိုက်တဆောင်နဲ့ ပန်းခြံကစားကွင်း တခုကို ဆောက်ပေးရမယ်၊ သံဖြူဇရပ်-ရေး ကားလမ်းမှာ တည်ရှိနေတဲ့ ပြတိုက်ရဲ့ အနီးမှာ အိမ်ခန်းပါ ဆိုင်ခန်းတိုက် ဆောက်မယ်” ဟု နိုင်မောင်တိုးက ပြောသည်။

မီရထား ပြတိုက်ကို ပန်းခြံ၏ အဓိကကျသော နေရာတွင် ပေ ၄၀- ပေ ၆၀ နှစ်ထပ်တိုက် အဆောက်အဦးနှင့် ကလေးကစားကွင်း ပန်းခြံကို တလမွန် ကုမ္ပဏီက အကုန်အကျခံကာ ဆောက်လုပ်ပေးရမည်ဟုလည်း သူက ပြောသည်။

မီးရထား ပြတိုက်နှင့် ပန်းခြံ ကစားကွင်းကို ခေတ်မီစွာ တည်ဆောက်ပေးပြီး အိမ်ခန်းပါ ဆိုင်ခန်း ၁၅ပေ- ၃၅ပေ တိုက်ခန်း (၅၀) နှင့် ခေတ်မီ အရောင်းဆိုင်နှင့် လုံးချင်းတည်းခိုအိမ် (ကော့တိတ်) ကိုလည်း တလမွန်က တည်ဆောက်ခွင့် ရထားပြီး မကြာမီ ဆောက်လုပ်တော့မည်ဟု သူက ဆက်ပြောသည်။

“သံဖြူဇရပ်မြို့နယ်မှာ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲကမ်းခြေ၊ မဟာမိတ် စစ်သင်္ချိုင်းနဲ့ သေမင်းတမန် မီးရထားလမ်း ပြတိုက်ဟာ အထင်ကရ နေရာတွေပါ၊ မီးရထား ပြတိုက်ကို ပြန်ဆောက်ဖို့ အမှန်လိုတယ်” ဟု သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်မှ နိုင်ထောရော့ က ပြောသည်။

သံဖြူဇရပ်မြို့နယ်အတွင်းတွင် လည်ပတ် လေ့လာစရာ များစွာ ရှိသည့်အနက် ယခုလက်ရှိ သေမင်းတမန် မီရထား ပြတိုက်ကို နိုင်ငံခြားသားများ ပို၍ စိတ်ဝင်စားကြပြီး မကြာခဏ လာရောက်ကြသည်ဟု သူက ပြောသည်။

မီးရထား ပြတိုက် ပြန်လည် ဆောက်လုပ်သကဲ့သို့ ပြတိုက်နှင့် နီးကပ်နေသည့် ဝဲကလီကျေးရွာရှိ ရေပူစမ်းကိုလည်း နိုင်ငံခြားသားများ လာရောက် လည်ပတ်လျက် ရှိပြီး အဆင့်မြင့် အဆောက်အအုံကိုလည်း ဆောက်လုပ်ရန် အချို့လုပ်ငန်းရှင်များက စိတ်ဝင်းစားနေပြီကြပြီဟု သံဖြူဇရပ်မြို့နယ် ဝဲကလီရွာမှ မိနီလာက ပြောသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း (၁၉၄၄-၄၅) ခုနှစ်တွင် သံဖြူဇရပ်မှ ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ မိုင် ၇၀ နီးပါး ဝေးသည့် မီးရထားလမ်းကို ၁၃ လကြာ ဖေါက်လုပ်ရာတွင် ပြည်သူနှင့် ချွေးတပ်သား (၈၂၀ဝ၀ဝ) ကျော် သေဆုံးခဲ့ရသည်။

ထို့ကြောင့် ဤမီးရထားလမ်းသည် သေမင်းတမန် ရထားလမ်း (Death Railway Road) အဖြစ် ကျော်ကြားခဲ့သည်ဟု မီးရထား လမ်းပြတိုက်၏ မှတ်တမ်း ကျောက်တိုင်တွင် ဖေါ်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts