spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိ(သထုံ) ပျူမြို့ပြနိုင်ငံ သတင်းရေးသားချက်သည် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်နေ

    သုဝဏ္ဏဘူမိ(သထုံ) ပျူမြို့ပြနိုင်ငံ သတင်းရေးသားချက်သည် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်နေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ဓညဝတီ၊ သုဝဏ္ဏဘူမိ (သထုံ) ဒေသတို့တွင် ပျူလူမျိုးတို့မြို့ပြနိုင်ငံကြီးများ ထူထောင်၍ နေထိုင်ခဲ့ကြကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာရေးသားချက်သည် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေသည်ဟု မွန်တိုင်းရင်းသားပညာရှင်များက ထောက်ပြပြောဆိုကြသည်။

    ဓညဝတီသည် ရခိုင်တိုင်းရင်းသားများ၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သကဲ့သို့ သုဝဏ္ဏဘုမ္မိဟု ခေါ်ဆိုသော သထုံမြို့သည် ရှေးဟောင်းမွန်နေပြည်တော်ဖြစ်သဖြင့် အထက်ပါရေးသားချက်သည် ဒို့တာဝန်အရေးသုံးပါး၏ ဒုတိယအချက်ဖြစ်သည့် “တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး”ကို ထိခိုက်စေခြင်း ဖြစ်သည်။

    အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ဦးစီးဌာန၊ အငြိမ်းစားညွှန်ကြားရေးမှူး နိုင်မောင်တိုးက “ပျူလည်းဗမာ၊ ဗမာလည်းပျူဆိုတဲ့အယူအဆကနေ အခုဆိုရင် တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ဒေသတင်မကတော့ဘူး မွန်တွေရဲ့သထုံနဲ့ ရခိုင်တို့ရဲ့ဓညဝတီကိုလည်း ပျူတွေ ရဲ့မြို့ပြနိုင်ငံဖြစ်ခဲ့ဘူးတယ်လို့ လိုရာဆွဲသွင်းလာပြန်တယ်” ဟု ပြောသည်။

    ရာဇကုမာရ်၏ မြစေတီကျောက်စာ၌ နောက်ဆုံးပျူအက္ခရာကျောက်စာအရေးအသား နှင့် မထမဦးဆုံးမြန်မာစာအရေးသားတို့ကို တပြိုင်တည်းတွေ့ရှိနိုင်သည်ဟုလည်း သူကထောက် ပြသည်။

    ထို့ကြောင့် မွန်သမိုင်းများထိန်းသိမ်းဖေါ်ထုတ်ရေးအတွက် မွန်သံဃာတော်များ၊မွန်နိုင်ငံရေးပါတီ များနှင့် မွန်လူမှုအဖွဲ့အစည်းများပါဝင်သည့် မွန်သမိုင်းသုတေသနကော်မတီကို ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “ကျနော်တို့ မွန်စာပေယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်အနေနဲ့ ပါဝင်ခဲ့တာပါ၊ ဒေါက်တာချစ်စံဝင်းတို့ရဲ့စာတမ်းဖတ်ပွဲမှာ မွန်ပညာရှင်တွေအနေနဲ့ သုဝဏ္ဏဘုမ္မိ မွန်နေပြည်တော် အကြောင်း စာတမ်းဖတ်ကြားခွင့်ရအောင် နည်းလမ်းရှာဖွေသွားမှာပါ”ဟု သူကဆက်ပြောသည်။

    ထွန်းဖောင်ဒေးရှင်းဘဏ်၏ ကူညီပံ့ပိုးမှုဖြင့်“ပျူလူမျိုးနှင့် ပျူနိုင်ငံတော်” စာတမ်းဖတ်ပွဲကို လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ပျူလူမျိုးအကြောင်း ရှုထောင့်မျိုးစုံ ပါဝင်သော စာတမ်းစောင်ရေ ၄ဝ ကျော်၌ ဓာတ်ပုံပေါင်း ၇ဝဝ ကျော်ပါဝင်သည့် စာတမ်းတစောင်၊ အင်္ဂလိပ်ဘာသာ ၄ စောင်တင်သွင်းဖတ်ကြားမည်ဟု အထက်ပါ ကြေးမုံသတင်း စာတွင် ဖော်ပြထားသည်။

    အလားတူ လာမည့်နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ရွှေအဆင်းဝင်းသောသုဝဏ္ဏဘူမိ ပထမအကြိမ်ဒေသအတွင်း စာတမ်းဖတ်ပွဲကို မော်လမြိုင်တက္ကသိုလ်မှကြီးမှုး၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမဆောင်၌ ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မွန်က၊ မွန်။ ပျူက ၊ ပျူ။ ဘာတွေလာ ပြောနေတာလဲ။ ဗမာက ဗမာ။ ပျူက ပျူ။ သပ်သပ်စီပါ။ ပျူတွေ မပျောက်ပါဘူး။ ဗမာနာမည်နဲ့ ကိုယ်ရောင်ဖျောက်နေကြတာ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts