Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမလေးရှားတွင်(၆၅)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကျင်းပရေးကော်မတီဖွဲ့စည်း

    မလေးရှားတွင်(၆၅)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကျင်းပရေးကော်မတီဖွဲ့စည်း

    -

    နဒီမွန် – မလေးရှားနိုင်ငံရောက်မွန်တိုင်းရင်းသားတို့သည် မိမိလူမျိုးတို့၏ အရေးကြီးသည့် နေ့ရက်များကိုသိရှိရန်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်လာအောင် ရည်ရွယ်ပြီး (၆၅)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကျင်းပရန် ကော်မတီတရပ်ကို ပြီးခဲ့သည့်သြဂုတ်လ (၁၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    မလေးရှားတွင်(၆၅)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကျင်းပရေးကော်မတီဖွဲ့စည်းခဲ့စဉ်(Photo-MRD-ML)
    မလေးရှားနိုင်ငံလွတ်မြောက်နယ်မြေရောက် မွန်လူငယ်အဖွဲ့ဥက္ကဌ နိုင်ဥက္ကာက “အဓိက ကတော့ မလေးရှားရောက်မွန်တွေ အခြေအနေနဲ့ ပြောရမယ်ဆိုရင် မွန်အမျိုးသားနေ့ တခုတည်းကိုဘဲ အဓိကသိထားပြီးတော့ ကျန်တဲ့နေ့တွေကို သာမညလောက်ဘဲ သဘောထားကြတယ်။ အဲဒါကြောင့် အခြားသောနေ့ထူးရက်မြတ်တွေကိုလည်း သိစေချင်တဲ့ ရည်ရွယ်ချက်နဲ လုပ်ရခြင်းဖြစ်တယ်၊ ဒီနှစ်ဆို မလေးရှားမှာ ၃ နှစ်မြောက်ပေါ့” ဟု ပြောသည်။

    ၄င်းအဖွဲ့အစည်းတွင် မုဒုံမြို့နယ်၊ဘားအံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်ကျေးရွာအသီးသီးကိုယ်စားပြု အဖွဲ့အစည်း (၅၀)ခန့် ပါဝင်မည် ဖြစ်သည်။

    UN နှင့် အခြားမွန်အဖွဲ့အစည်းများကိုရေတွက်ပြီး မလေးရှားရောက် မွန်လူမျိုးဦးရေ ငါးသောင်း(၅၀ဝ၀ဝ)ခန့် ရှိသည်ဟု နိုင်ဥက္ကာက ခန့်မှန်းသည်။

    မလေးရှားရောက်မွန်လူငယ်တဦးက “ အလုပ်ရှင်မှာ ခွင့်တောင်းပြီ အခမ်းအနားသွားတက်မယ်၊ ဒီနေ့ဟာ မွန်တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့နေ့ရက်ကြီးပဲ”ဟု ပြောသည်။

    မွန်တော်လှန်ရေးသည် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အမျိုးသားလွတ်မြောက်ရေးကိုလိုလားသော မွန်လူမျိုးတိုင်းနှင့် သက်ဆိုင်သည်ဟု နိုင်ဥက္ကာက ပြောသည်။

    ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့တွင် ဖဆပလအစိုးရ ကျေးရွာကာကွယ်ရေး လက်နက်များကို ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာမှအစပြုပြီး မွန်လူငယ်များလက်နက်ဖြုတ်သိမ်းရာမှ မွန်အမျိုးသားတော်လှန်ရေးစတင်လာခဲ့သည်။

    လာမည့် ဝါခေါင်လပြည့်နေ့ (1.9.2012) တွင် (၆၅)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ကျရောက်မည် ဖြစ်ရာ ပြည်တွင်းပြည်ပရှိမွန်မျိုးချစ်လူငယ်များ အခမ်းအနားကျင်းပြရန် စိုင်းပြင်းလျှက်ရှိသည်။

    အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသအသီးသီးတွင်လည်း စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်ရန်ပြင်ဆင်လျှက်ရှိပြီး ဘုရားသုံးဆူဒေသတွင် ဂျပန်ရေတွင်းရွာ၌ အခမ်းအနားကျင်းပရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks