လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ပေါ်ရှိ စိန်ရွှေလက်ဝတ်ရတနာ ရောင်းဝယ်ဆိုင်တစ်ဆိုင်အား ယနေ့မွန်းလွဲပိုင်းတွင် မျက်နှာဖုံးစွပ်လက်နက်ကိုင်တစ်ဖွဲ့မှ ဓါးပြတိုက်ခဲ့ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
“မျက်နှာဖုံးစွပ်လူ ၃ ဦးဆိုင်ထဲရုတ်တရက်ဝင်လာပြီး သေနတ် ၂ ချက်ဖေါက်တယ်၊ ဆိုင်ထဲရှိသူတွေကိုလက်မြှောက်ခိုင်းပြီး တွေ့သမျှရွှေငွေပစ္စည်းတွေယူသွားတာပဲ၊ အချိန် ၅ မိနစ်လောက်ပဲကြာတယ်၊ နောက်ထပ်သေနတ် ၄ ချက်ဖေါက်ပြီး ဟွန်ဒါလိုအစိမ်းရင့်ရောင် သူတို့ကားငယ်တစ်စီးနဲ့ အာရှလမ်းမအတိုင်းထွက်သွားတယ်”ဟု သူကဆက်ပြောသည်။
ဓါးပြတိုက်ခံခဲ့ရသော ၄င်းအင်ပါယာစိန်ရွှေရတနာရောင်းဝယ်ဆိုင်သည် မြဝတီမြို့ပေါ် ဘုရင့်နောင်ဈေးအနီးတွင်တည်ရှိပြီး ရဲစခန်းနှင့် ကိုက် ၂၀ဝ ဝန်းကျင်ခန့်သာ ကွာဝေးသည်ဟုလည်း ဒေသခံများပြောပြချက်အရ သိရသည်။
အမည်မဖေါ်လိုသောရဲဝန်ထမ်းတစ်ဦးက “အဲဒီဓါးပြအုပ်စုမှာ AK 47 တစ်လက်၊ M-16 တစ်လက်၊ ပစ္စတိုတစ်လက်ပါတယ်လို့ မျက်မြင်သက်သေထွက်ဆိုချက်အရ သိရပါတယ်” ဟု ပြောသည်။
ယခုအခါ အဆိုပါဓါးပြများထွက်ခွာခဲ့သည့်လမ်းကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာမှ လိုက်လံမေးမြန်းစုံစမ်းနေဆဲဟု အထက်ပါရဲဝန်ထမ်းက ပြောသည်။
အလားတူ ၂၀၁၀ ခုနှစ် ဇွန်လတွင်လည်း မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရွှေမြင်းဝန်ဘုရားကြီးအရှေ့ဘက်မုခ်ရှိ ရွှေဆိုင်တစ်ဆိုင်ဓါးပြတိုက်ခံခဲ့ရာတွင် တရားခံများအား သက်ဆိုင်ရာမှရှာဖွေဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့သေးပေ။
ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်စဲမှုရရှိခဲ့ပြီးနောက်ပိုင်း မြဝတီမြို့ပေါ်တွင် ပထမအကြိမ်ဖြစ်ပေါ်ခဲ့သော ဓါးပြအမှုဖြစ်သည်။
မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသောနယ်စပ်မြို့တစ်မြို့ဖြစ်သည်။
ကုန်သွယ်ရေးဇုန်နှင့်တံတားကျိုးစုပေါင်းစစ်ဆေးရေးဂိတ်(သင်္ဃန်းညီနောင်)တွင် ပိုက်ဆံကောက်ခံခြင်းမှလွှဲပြီး ဘာမှမလုပ်တတ်သော မြဝတီခရိုင်ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပြီး တစ်နာရီခွဲခန့်မှ အင်ပါယာရွှေဆိုင်သို့ရောက်ရှိလာပါသည် ။ရွှေဆိုင်နှင့်ရဲစခန်းမှာ ဓါတ်တိုင်အားဖြင့် (၁၀)တိုင်သာခြားပါသည်။အခင်းဖြစ်လျှင်ဖြစ်ခြင်း လည်းကောင်းရွှေဆိုင်ထိပ်ရှိ taxi ဂိတ်မှ ဖုန်းဖြင့်သတင်းပေးပို့သော်လည်း ရောက်ရှိလာခြင်းမရှိသည်မှာ အင်မတန်မှယုတ်ဆိုးအကျည်းတန်လွန်းလှပါသည်။
တရားဥပဒေစိုးမိုးရေး ဆိုတာ ဒါဘဲ ရဲကရဲ အလုပ်မလုပ်တော့ သူခိုး သဝှတ် ဓားပြ တွေ သောင်းကျန်းပြိီပေါ့
ဘယ်လိုလုပ်ကြမလဲ