Homeသတင်း လူငယ်နှင့် ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသင်တန်းဖွင့်

လူငယ်နှင့် ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသင်တန်းဖွင့်

-

ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်အားကစာကွင်းရှေ့ရှိ ဥတ္တရအလင်းပညာစာကြည့်တိုက်၌ ပထမအကြိမ် “လူငယ်နှင့် ဝေဖန်ပိုင်းခြား စဉ်းစားခြင်း” (Youth and Critical Thinking Training) သင်တန်းဖွင့်လှစ်ခဲ့သည်။

ဇွန်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အဆိုပါသင်တန်းသို့ လူငယ် ၂၃ ဦးတက်ရောက်ခဲ့ရာတွင် သံဖြူဇရပ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာများအပြင် တနင်္သာရီတိုင်းမှ လူငယ်နှစ်ဦးလည်း ပါဝင်ခဲ့သည်။

လူငယ်သင်တန်းများ -photo ( ဗညာထောလေး)
သင်တန်းဖြစ်မြောက်ရေးအဖွဲ့ဝင် မင်းဗညာထောလေးက “အမှား အမှန်ကို ဝေဖန်သုံးသပ်ပြီး အကျိုးရှိရှိ အသုံးပြုနိုင်ဖို့အတွက်နဲ့ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်တွေ တိုးတက်လာစေပြီး လက်တွေ့ လူမှုဘဝ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အထောက်အကူ ပြုစေဖို့ပါ” ဟု ပြောသည်။

သင်တန်းတွင် စာဖတ်ခြင်း၊ စာရေးခြင်း၊ နားထောင်ခြင်းနှင့် ပြောဆိုဆွေးနွေးခြင်းများ ပါဝင်ပြီး နိုင်ငံတကာဆိုင်ရာ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းအတွက် စာရေးခြင်း၊ စာဖတ်ခြင်းအဖွဲ့ (International Consortium for Reading, Writing for Critical Thinking -RWCT-IC) ၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်တန်းပို့ချကြောင်း သူကဆက်ပြောသည်။

Thinking Classroom Foundation အဖွဲ့ဒါရိုက်တာ ဒေါတ်တာထွန်းလွင်က “အရာရာတိုင်းမှာ စဉ်းစားတွေးခေါ်နိုင်ဖို့အတွက်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်မှာဖြစ်ဖြစ် သူတို့နေ့စဉ် ရင်ဆိုင်နေရတဲ့ ဘဝမှာ မမှားသင့်တာတွေ မမှားရအောင်၊ ဖျားယောင်းသွေးဆောင်တဲ့နောက်ကို မလိုက်ပါနိုင်အောင်၊ ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး ကိုယ်တိုင် အသိအမြင်နဲ့ လက်ခံယုံကြည်နိုင်ဖို့အတွက် လူငယ်တွေ ပိုပြီးအသိပညာရှိလာအောင် လုပ်ဆောင်တာပါ” ဟု ပြောပါသည်။

လူငယ်သင်တန်းတွင် လှုပ်ရှားမှုပုံ-Photo ( ဗညာထောလေး)
Thinking Classroom Foundation မှ သင်တန်း ၂ အမျိုးအစားနှစ်ခုတွင် ကျောင်းဆရာများအတွက် (၁၀) ရက်သင်တန်းနှင့် လူငယ်များ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ CBO များ၊ အမျိုးသမီးအဖွဲ့များ အတွက် (၃) ရက်သင်တန်းများကို သရုပ်ပြသင်ကြားပေးနေခြင်း ဖြစ်သည်။

အဆိုပါလူငယ်သင်တန်းပြုလုပ်ခွင့်ရရှိရန် သံဖြူဇရပ်မြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးမှူး၊ သတင်းတပ်ဖွဲ့များအား အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ၊ NLD ၊ တစည နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လူငယ်များကို ဖိတ်ကြားထားသော်လည်း တက်ရောက်သူမရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် Thinking Classroom Foundation ကို ၂၀ဝ၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

  1. ဗညာထဝ်ဟီုဂှ်ဍာံမံၚ်ဆဂး အရေဝ်မန် မအ္ခရ်မန်ဂှ်ကတ်ပ္တန်ထောံညိ
    တၚ်ဂုဏ်ရ

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts