spot_img
Sunday, December 8, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်နိုင်ငံတော် ရှေ့နေချုပ် ဘာလုပ်နေတာလဲ (အမှတ်-၁)

    နိုင်ငံတော် ရှေ့နေချုပ် ဘာလုပ်နေတာလဲ (အမှတ်-၁)

    -

    စောထွန်းအေး – နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးပါဝင် သော ခုံရုံးသည် နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းလာ သည့် တင်သွင်းလွှာအမှတ် (၂/၂၀၁၂) ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်နံနက် ၁၀ နာရီ၌ ရုံးခန်းအမှတ် (၁) တွင် ရုံးထိုင်၍ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

    တင်သွင်းလွှာအမှတ် (၂/၂၀၁၂) တွင်” တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးများအဖြစ် သတ်မှတ်၍ အမိန့်ထုတ်ပြန် ခန့်အပ်တာဝန်ပေးခြင်း ဖြစ်သောကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ – ၅ နှင့် ပုဒ်မ -၁၇ ပါ ပြဋ္ဌာန်းချက် များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည့် ခုံရုံး၏ (၁၄ – ၁၂ – ၂၀၁၁) ရက်နေ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ် ပေးရန် နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေအရ အပြီးအပြတ် အတည်ဖြစ်သည့် ဆုံးဖြတ်ချက် ဖြစ်သဖြင့် တင်သွင်းလွှာကို တင်သွင်းခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

    မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုပြဿနာ(Photo-Internet)
    နိုင်ငံတော် ရှေ့နေချုပ် တဦးအနေဖြင့် ၂၀ဝ၈ ခုနှစ်။နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အနှစ်သာရနှင့် သဘောသဘာဝကို ဦးဆုံးနားလည်ရန် မဖြစ်နိုင်စရာ အကြောင်းအချက် မရှိပါ။ တစုံလုံး နားလည် ထားသူဖြစ်ရပါမည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၃ တွင်” ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။”ဟု ပြဋ္ဌာန်းထားချက်ကိုမှ မဖတ်မိလေသလော။ သို့ မဟုတ် စီရင်ထုံးအသစ် တခုကို ဖန်တီးပြလို၍ သမ္မတကိုယ်စား တင်သွင်းခဲ့လေသလော။ ဒါမှမဟုတ်လျှင် တလွှဲဆံပင်ကောင်း လွှဲချော်မူသက်သက် ဖြင့် ရှေ့နေချုပ်က အရှုပ်တွေကို အလုပ်ပြနေခြင်းဖြင့် အလုပ်မရှုပ်သင့်ပါပေ။ ပြည်ထောင်စု ရှေ့နေချုပ်သည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ -၂၀ဝ (ဃ) အရ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ဖြစ်သည် -ဟုလည်းကောင်း၊ ပုဒ်မ ၂၃ရ (ဃ) အရ ပြည်ထောင်စု ရှေ့ နေချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်သည်- ဟုလည်းကောင်း နှစ်ခါထပ်ကာ ဖော်ပြထားသည်။ ဤကဲ့သို့ နှစ်ခါထပ် သုံးခါထပ်ကာ ထပ်ကာထပ်ကာ ဖော်ပြထားသည့် ပုဒ်မများကို ၂၀ဝ၈ ဖွဲ့စည်းပုံ၏ အားနည်းချက်အဖြစ် အတော်များများ တွေ့ရှိရပါသည်။ ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မမျိုးကို ပုဒ်မတစ်ခုတည်း ဖြင့်သာ ပြန်လည်ပြုပြင် အသစ်ရေးဆွဲသင့်ပါသည်။

    နိုင်ငံတော် ရှေ့နေချုပ်အနေဖြင့် လုပ်သင့်သည်များမှာ ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ (နအဖ ဥပဒေ အမှတ် ၂၂/၂၀၁၀) ပုဒ်မ ၁၂ (ခ) တွင် ”ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း။”ဟုပေးအပ်ထားသော နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်အပ်ပေသည်။ ယခုနိုင်ငံတော်တွင် လတ်တလော ဖြစ်ပျက်နေသော အခြေအနေများကိုလည်း ပြည်သူလူထု ခံစားသိတတ်သကဲ့သို့ ရှေ့နေချုပ်သည် ပုဂ္ဂိုလ် တဦးတယောက်အနေဖြင့် နားလည်သဘောပေါက်ထားရန် လိုအပ်မည် ဖြစ်ပါသည်။ ရောမပြည်ကြီး မီးလောင်နေသည့်တိုင် နီရိုဘုရင်ကြီး က တယောထိုးကောင်းတုံး ဆိုလျှင် တိုင်းပြည်ပြာကျကုန်ပါမည်။ ဤဆောင်းပါးဖြင့် မီးကင်းသံချောင်း ခေါက်လောက်သည်ကိုတော့ ကြားချင်မှ ကြားပါမည်။ သို့သော် မြန်မာ့တီဗွီ လိုင်းများမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြကြသည်ကို မမြင်ရသကဲ့ ဆိုလျှင် လွန်တာရှိ ဝန်တာမိပါဟုသာ ။

    လှိုင်သာယာ စက်မှုဇုံများက စတင်လိုက်သည့် အလုပ်သမား ဆန္ဒပြပွဲများကို စက်ရုံ တရုံမှတရုံ ယခုဆိုလျှင် ၅ရုံ ၆ရုံထိ ဆန္ဒပြနေကြသည်များကိုလောက်တော့ ရှေ့နေချုပ်ကြီး သတင်းစာဂျာနယ်များမှ တဆင့် တွေ့မြင်ဖတ်သိပြီး ဖြစ်မည်ထင်ပါသည်။ ရန်ကုန်အနီးတဝိုက်ရှိ စက်မှုဇုန်များမှ စက်ရုံအလုပ်သမားများ၏ လုပ်ခလစာတိုးပေးရေး နှင့် ရပိုင်ခွင့်များ အတွက် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် လင်းသန့်၏အမေးကို နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသက်နိုင်ဦး ကဖြေကြားခဲ့ပါသည်။

    သူ၏ဖြေကြားချက်မှာ-”လောလောဆယ် လုပ်ခလစာနဲ့ ပတ်သက်လို့ အလုပ်သမားလုပ်ခလစာ ဥပဒေ မရှိသေးဘူး။ အနည်းဆုံး အခကြေးငွေ ဥပဒေဆိုတာ အခုမှ ဆွဲတုန်းပဲ၊ အနိမ့်ဆုံး အခကြေးငွေ ဥပဒေပေါ်ရင် ရှင်းသွားပါလိမ့်မယ်။အခုနေမှာ အဲဒီဥပဒေ မရှိသေးတဲ့အတွက်ကြောင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းပြီး သဘောတူတဲ့လစာကိုပဲ၊ အဲဒါလုပ်ခပဲ။

    လာမယ့် လွှတ်တော်မှာ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ ဥပဒေဆိုတာ တင်ပါတော့မယ်။အခကြေးငွေသတ်မှတ်မှု ဥပဒေက အခုဆိုရင် ရှေ့နေချုပ်ရုံးကို ရောက်နေပြီ။ ပြည်နယ်/တိုင်းအလိုက်၊ အဲဒါကလည်း ဒေသအလိုက် ကွာခြားပါမယ်။ တယောက်တည်းကို ဘယ်လောက် ပေးရမယ်လို့ ကျနော်တို့ မသတ်မှတ်ပါဘူး။ ပြည်နယ်/တိုင်းအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေကနေ သူ့ဒေသပေါက်ဈေးနဲ့သူ သတ်မှတ်ပါလိမ့်မယ်။ ဒီတော့ ပြည်နယ်တိုင်း တခုနဲ့ တခု အခကြေးငွေက မတူပါဘူး။ အဲဒါ ဥပဒေမှာ ပါပါလိမ့်မယ်။” ဟုဖြေကြားသွားသည်ကို သိရှိရပါသည်။

    အလုပ်သမား အနည်းဆုံးအခကြေးငွေ ဥပဒေ ကို လာမယ့်လွှတ်တော်က ပြဋ္ဌာန်း နိုင်ရန်အတွက် ဥပဒေက အခုဆိုရင် ရှေ့နေချုပ်ရုံး ရောက်ရှိနေကြောင်း သိရှိရပါသည်။ ရှေ့နေချုပ်သည် တရားရုံးတွင် အမှုလိုက်တတ်ရုံမျှဖြင့် နိုင်ငံကလိုအပ်သည့် ဥပဒေများကို မရေးဆွဲနိုင်ပါ။ မရေးဆွဲတတ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ အလုပ်သမား ဥပဒေများနှင့် ပတ်သက်၍ ကိုယ့်ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာ အလုပ်သမား ဥပဒေများကို နှံ့စပ်ရုံဖြင့် မလုံလောက်နိုင်၍ ဖြစ်ပါသည်။ တခြား နိုင်ငံများတွင် လူထု လူတန်းစား ဆိုင်ရာ ဥပဒေများကို မည်ကဲ့သို့ ထဲထဲဝင်ဝင် ပြဋ္ဌာန်းခဲ့ကြသည်များကိုလည်း လေ့လာရန်လိုအပ်ပါသည်။ ဦးစွာပထမ ရှေ့နေချုပ် အနေဖြင့် ၁၉၇၄။၁၉၇၅ ဂျွန်လ (၆)ရက် အလုပ်သမားများ ဆန္ဒပြမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာလောက်ကိုတော့ ဖတ်ထားပြီး ဖြစ်လိမ့်မည်ယူဆရပါသည်။ ဘာကြောင့်ဆန္ဒပြရပါသနည်း။ သက်ဆိုင်ရာ မဆလ အစိုးရက စက်ရုံများရှေ့တွင် ဆန်ကားကြီးတွေ၊ ဆီကားကြီးတွေ လာချပါသည်။ ဆန္ဒပြ မှုကား မရပ်ခဲ့ပါ။ အလုပ်သမားများရှိရာ ဆင်မလိုက်သင်္ဘောကျင်းရှိအလုပ်ရုံထဲသို့ ယခုတပ်မတော်ကြီးကပင် သေနတ်များဖြင့် ရက်ရက်စက်စက် ပစ်သတ်ပြီး အလုပ်သမားသပိတ်ကြီးကို ဖြိုခွဲခဲ့ပါသည်။ မျက်စိထဲတွင် ယနေ့ထက်တိုင် မြင်ယောင်နေဆဲ ဖြစ်ပါသည်။ ”အနိမ့်ဆုံး အလုပ်သမားအခကြေးငွေ ဥပဒေပေါ်ရင် ရှင်းသွားပါလိမ့်မယ်။”ဟု အလုပ်သမား ဝန်ကြီးဌာန ကိုယ်စားပြု ဒု ညွှန်ကြားရေးမှုး ဦးသက်နိုင်ဦး ကပေါ့ပေါ့လွယ်လွယ် ပြောသွားသည်မှာ ဘဝင်မကျစရာ ဖြစ်နေပါသည်။

    နိုင်ငံ၏ အပေါ်ထပ် အဆောက်အအုံရှိ လွှတ်တော်များက ဥပဒေ ပြဋ္ဌာန်းတိုင်းသာ အခြေခံစီးပွားရေးတွင် ပါဝင်ရုန်းကန်နေရသည့် ပြည်သူ့ဘဝ အလုပ်သမား လယ်သမားများဘဝ ပြေလည်သွားရိုးဆိုလျှင် ဤသို့ဆိုလျှင် ဥပဒေတွေချည်း ယခုဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလို ဒလဟော ထုတ်နေပေလိမ့် မပေါ့။ ဘယ်မှာ လဲဟဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရောလား။ အုံဖွ အစိုးရဟုသာ အခေါ်ခံရပါတော့မည်။

    တခြားနိုင်ငံများတွင် ဥပဒေတခုပြဋ္ဌာန်းတော့မည် ဆိုလျှင် ဦးစွာပထမ သက်ဆိုင်ရာ တိုက်ရိုက်သက်ဆိုင်သည့် သတင်းအချက်အလက် လက်တွေ့ကောက်ခံ ပါသည်။ဥပမာ အလုပ်သမား ဥပဒေပြဋ္ဌာန်းတော့မည်ဆိုလျှင် အနည်းဆုံး စက်မှုလက်မှု လုပ်ငန်းလုပ်ခင်းအစုံစုံမှ အလုပ်သမား မိသားစု အိမ်ထောင်စုများု၏ စားဝတ်နေရေး လူမှုရေး၊ပညာရေးကအစ အိမ်တိုင်ယာရောက် စာရင်းကောက်ခံမှု လုပ်ရပါသည်။ ၎င်းစာရင်းများလောက်နှင့် မလုံလောက်သေးဘဲ ဥပဒေမပြဋ္ဌာန်းမီက စာရင်းမကောက်မီက လက်တွေ့သမိုင်းနှင့် ယှဉ်သည့် အဖြစ်အပျက်များ ခံစားချက်များ၊ ဘဝများ၊သမိုင်းများ ကိုပါ အချက်အလက်စုဆောင်းကြပါသည်။ ထိုရရှိသည့် အချက်အလက်များမှ တူတာ မတူတာခွဲ၍ သုတေသနဌာနများက စုံးစမ်းစစ်ဆေးမှုများ လက်တွေ့ကွင်းဆင်း စာတမ်း ပြုစုရပါသည်။ ထိုစာတမ်းများမှာ အခြေခံလိုအပ်ချက်မျှလောက်သာစုစည်းခြင်းဖြစ်ပြီး စာကြမ်းတင်နိုင်သည့် အဆင့်ရောက်ရန် ဒေသအသီးသီးရှိ လုပ်ငန်းဌာနအသီးသီးရှိ အလုပ်သမားများအားပြသကာ လိုအပ်ချက်များ၊ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်ကြသည့် လက်တွေ့များကိုလည်း လေ့လာရန် လိုအပ်ပါသည်။ ဥပဒေအဖြစ်ရောက်ရှိရန် နောက်ထပ် အဆင့် လေးငါးဆင့် လောက်ကိုပင် ဖြတ်သန်းပြီးမှ ဥပဒေကြမ်းတခုအဆင့် သို့ရောက်ရှိနိုင်ပါသည်။ ယေဘူယျ သဘောလောက်သာ တင်ပြခြင်းဖြစ်ပါသည်။ ဥပဒေရေးဆွဲရေး အဆင့်ဆင့်ကို မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မပြုလုပ်ခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိရပါသည်။ ဥပမာ နိုင်ငံ၏ အထွတ်မြတ်ဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်ပင်လျှင် မည်ကဲ့သို့ ရေးဆွဲခဲ့သည်။အတည်ပြုခဲ့သည်ကို နောင်တမရစေလို ၍ တင်ပြရခြင်း ဖြစ်ပါသည်။ ရင်လေးစရာကြီးပင် မဟုတ်ပါလော။ ရေတိမ် မနစ်လို၍ သာ။

    အနိမ့်ဆုံး ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးမျှော်ကိုး ကောင်းအောင်တိုးတက် ဖို့ဆိုလျှင် အိမ်နီးနားခြင်း အရှေ့တောင်အာရှနိုင်ငံများရှိ အနိမ့်ဆုံး အလုပ်သမား လုပ်ခလစာ နှုန်းထားများလောက်ကိုတော့ သိရှိထားရန်လိုအပ်ပါသည်။

    အခြေခံ လုပ်ခလစာ အနိမ့်ဆုံးနိုင်ငံ

    မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုပြဿနာ(Photo-Internet)
    လက်ရှိအချိန်တွင် အလုပ်သမား တစ်ဦးလျှင် အခြေခံလစာကျပ် ၈၀ဝ၀။ အလုပ်ချိန်မနက် ၈ နာရီမှ ၅ နာရီ၊ အိုတီချိန် ည ၉ နာရီအထိ မဆင်းမနေရ သတ်မှတ် ထားကာ တစ်လလျှင် အချိန်ပိုကြေး ၈၀ဝ၀။လမ်းစရိတ်ကျပ် ၅၀ဝ၀။အရုပ်ခေါင်း တစ်ခု လျှင် ကျပ် ၄၀ဝ၀ မှ ကျပ် ၇၀ဝ၀ နှုန်းဖြင့် ပေးကြောင်း လုပ်သက်ငါးနှစ်ရှိ အလုပ်သမား တစ်ဦး၏ တစ်လစာဝင်ငွေမှာ ကျပ် လေးသောင်းခွဲ ဝန်းကျင်ဖြစ်ကြောင်း သိရှိရသည်။

    ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့က သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ဖျန်ဖြေမှုကို မကျေနပ်ပါက စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်ကြောင်း အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၂၃ အရ သိရသည်။

    ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၃၀ အထိ ဒေသတွင်း နိုင်ငံအချို့၏ အနိမ့်ဆုံးလုပ်ခလစာများ

    စဉ် နိုင်ငံ တစ်ရက်လုပ်ခ(USD) တလလုပ်ခ(USD)
    ၁။ ကမ္ဘောဒီးယား ၁.၆၇ ၅၀.ဝ၀
    ၂။ ဗီယက်နမ် ၁.၈၃ မှ ၂.ဝ၄ ၅၅.ဝ၂ မှ ၆၁.၁၃
    ၃။ အင်ဒိုနီးရှား ၂.ဝ၀ မှ ၃.၇၃ ၆၀.ဝ၆ မှ ၁၁၂.ဝ၀
    ၄။ တရုတ်(ရှန်ဟိုင်း) ၁.၉၆ မှ ၅.၆၃ ၅၈.၈၀ မှ ၁၆၈.၈၇
    ၅။ ထိုင်း (ဘန်ကောက်) ၅.ဝ၀ မှ ၆.၈၂ ၁၄၉.၉၄ မှ ၂၀၄.၅၆
    ၆။ ဖိလစ်ပိုင် ၅.၃၆ မှ ၇.၂၇ ၁၆၀.၉၄ မှ ၂၁၈.၂၂
    ၇။ မလေးရှား ၈.၆၆ မှ ၁၇.၆၇ ၂၅၉.၇၉ မှ ၅၃၀.၂၅
    ၈။ ထိုင်ဝမ် – မှ ၁၉.၂၇ – မှ ၅၇၈.၂၂
    ၉။ တောင်ကိုရီးယား – မှ ၂၈.၆၇ – မှ ၈၆၀.၁၂
    ၁၀။ စင်ကာပူ ၂၀.၅၆ မှ ၆၁.၆၈ ၆၁၆.၇၆ မှ ၁၈၅၀.၂၈
    ၁၁။ ဂျပန် ၆၁.၂၆ မှ ၇၇.ဝ၄ ၁၈၃၇.၈၇ မှ ၂၃၁၁.၂၂
    ၁၂။ နယူးဇီလန် ၆၀.၈၃ မှ ၇၆.ဝ၄ ၁၈၂၄.၉၆ မှ ၂၂၈၁.၂၀
    ၁၃။ သြစတြေးလျ – မှ ၁၂၁.၅၂ – မှ ၃၆၄၅.၅၇

    မလေးရှား အနိမ့်ဆုံး လစာသတ်မှတ်

    (The Voice ကွာလာလန်ပူ၊ မတ် ၂)

    မလေးရှား ကျွန်းဆွယ် အတွင်းရှိ ပုဂ္ဂလိက အလုပ်သမားများ အနေဖြင့် အနိမ့်ဆုံး တစ်လဝင်ငွေ ရင်းဂစ် ၉၀ဝ (ဒေါ်လာ ၂၉၇) ရရှိမည်ဖြစ်ပြီး ဆာဘတ်နှင့် ဆာရာဝပ် ပြည်နယ်များရှိ အလုပ်သမားများအနေဖြင့် ဝင်ငွေ ၈၀ဝ ရင်းဂစ် ရရှိမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။အနိမ့်ဆုံး လုပ်ခသတ်မှတ်မှုဟာ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင် ဖြစ်ရပ်ပဲ ဟု ဝန်ကြီးချုပ် Nijib Razak က မှတ်ချက်ပြု ပြောကြားသွားသည်။အနိမ့်ဆုံးလခ သတ်မှတ်ချက်ကြောင့် လစာများမှာ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း ထိမြင့်တက်သွားပြီး အလုပ်သမားများ၏ အရည်အချင်းနှင့် ကုန်ထုတ်လုပ်မှု အပေါ် မူတည်၍ လစာသတ်မှတ်မှုကို ချိတ်ဆက်ဆောင်ရွက်ပါက အခြေအနေမှာ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း မလေးရှား အလုပ်ရှင်များ ဖက်ဒရေးရှင်း ဒါရိုက်တာ Shamsuddin Bardan ကမှတ်ချက်ပြု ပြောကြားသွားသည်။

    အထက်ဖော်ပြပါနှုန်းထားများမှာ ၂၀၁၀ ခုနှစ် ကဖြစ်ပါသည်။ယခုဆိုလျှင် ထိုထက်ပိုမို ၍ အလုပ်သမားများလုပ်ခ ရနေကြပေပြီ။ဥပမာ ထိုင်းကို ကြည့်ပါ။ယခင်က ရသည့် နေ့တွက် လုပ်အားခစံနှုန်းထက် ပိုများပါသည်။ မက်ပ် ဖောင်ဒေးရှင်း ကထုတ်ဝေသော ၂၀၁၂ ဒိုင်ယာရီစာအုပ်တွင် ၂၀၁၂ ဧပြီလ ၁ ရက်နေ့ကစပြီး ဒေသအလိုက် သတ်မှတ် ထားတဲ့ နေ့တွက် လုပ်အားခ စံနှုန်းများကို သတ်မှတ်ထားရာ၌ ဘန်ကောက်နှင့် ဖူးကစ် တွင် ၃၀ဝ ဘတ်၊ ချင်းမိုင် တွင် ၂၅၁ ဘတ်၊ မဲဆောက်နှင့်တာ့ခ်တွင် ၂၂၆ ဘတ်သတ် မှတ်ထားသည်ကိုတွေ့နိုင်ပါသည်။ လက်ရှိ အပြင်ငွေလှဲနှုန်း ဘတ် ၃၇၉၀ ကို တစ်သိန်းနှုန်းနှင့် ဆိုလျှင် တလကို ဘန်ကောက်ရှိ အလုပ်သမားတဦးအနေဖြင့် မြန်မာကျပ်ငွေ ၂ သိန်းကျော် ရရှိနေသည့် ကာလဖြစ်ပါသည်။ မြန်မာအလုပ်သမားများ လက်ရှိရနေသည့် တစ်လ ကျပ်ငွေ ၄ သောင်းကျော် နှင့်နှိုင်းယှဉ်လျှင် လွန်စွာ ကွာခြားနေကြောင်းတွေ့ရှိရပါသည်။ ၂၀၁၄ ခုနှစ်တွင် အေဆီယမ် ဥက္ကဋ္ဌကြီး နေရာယူမည့် သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် မြန်မာအလုပ်သမားများအတွက် ထိုက်တန်သည့် အနိမ့်ဆုံး လုပ်ခလစာကို မုချ ပြဋ္ဌာန်းပေးနိုင်ရပါမည်။

    အထက်ပါ သတင်းနှစ်ပုဒ်လောက်နှင့်သာ နှိုင်းယှဉ်ကြည့်ရုံဖြင့် ထွက်ပေါ်လာမည့် မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မှုမှာ မည်သည့်နည်းနှင့်မျှ အဆင်ပြေ ချောမွေ့လာနိုင်စရာ အကြောင်းအချက်မရှိပါ။ လုပ်အားသည် ကုန်စည်ဖြစ်နေသည့် အရင်းရှင်ကမ္ဘာလုံးဆိုင်ရာ ခေတ်ကြီးတွင် လုပ်အားဈေးကွက် သည် မြန်မာနိုင်ငံအနေ ဖြင့် မည်သည့်အဆင့်တွင် ရောက်ရှိနေသည်ကို ထွက်ပေါ်လာမည့် ဥပဒေက စိန်ခေါ်လာပါလိမ့်မည်။ ထွက်ပြေးလို့ မလွတ်ပါ။ နိုင်ငံတော်အစိုးရ က အလုပ်သမားများ အပေါ် မည်မျှ သွေးစုတ်မှု ရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအရ နိုင်ငံခြား တိုင်းပြည်များက မည်မျှသွေးစုတ်မှု နှုန်းထားမြင့်နေသည်ကို နှိုုင်းယှဉ် လေ့လာနိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပဏာမ တင်ပြရခြင်းသာ ဖြစ်ပါကြောင်း။ အလုပ်သမား လယ်သမားတို့က ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ သက်ဆိုးရှည်ဖို့ ဖျားနာပေးကြရမလိုလိုပင်။ လျှပ်စစ်မီးမလာ၍ မိုးကောင်းကင် ပိတ်ကားကြီးပေါ်တွင် ကြည့် ရှု ကြရန်သာ နှိုးဆော်အပ်ပါသည်။

    သတင်းသမားများအား ကာကွယ်ပေးမည့် ဥပဒေ နှင့် ပြည်ထောင်စု လွှတ်တော်

    ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ပူးပေါင်းပြီး ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မေလ ၃ ရက်နေ့က ကျင်းပခဲ့ရာ စာနယ်ဇင်း သမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း နှင့် ယူနက်စကို အဖွဲ့ကြီး၊အထွေထွေညွန်ကြားရေးမှုး တို့၏ သဝဏ်လွှာတို့ကို ယူနက်စကို အမျိုးသား ကော်မရှင်မှ အတွင်းရေးမှုး ပါမေက္ခ ဒေါက်တာ ဒေါ်လွင်လွင်စိုးက ဖတ်ကြားခဲ့သည်။ မီဒီယာ လွတ်လပ်ခွင့်သည် လူ့ဘောင်အဖွဲ့အစည်း ကူးပြောင်းရေးတွင် အထောက်အ ကူ ဖြစ်စေသည် ဟုယင်းသဝဏ်လွှာများတွင်ဖော်ပြထားသည်ကို တွေ့ရပါသည်။

    လွတ်လပ်သည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ၊ အသံလွှင့်ဌာနများ နှင့် အပတ်စဉ်ထုတ် ဂျာနယ်များ တည်ထောင်နိ်ုင်ရန် တွန်းအားပေးဖို့လိုကြောင်း၊ မီဒီယာသမားများအနေဖြင့် ပတ်ဝန်းကျင်အသစ်များကို တွေ့ကြုံနေရချိန်၌ ဘက်လိုက်ခြင်း ကင်းပြီး တရားမျှတ တည့်မတ် မှန်ကန်ဖို့ လိုအပ်ကြောင်း တို့ကို စာရေးဆရာများက တင်ပြသွားကြပါသည်။

    ကျွန်တော်တို့လိုချင်တာက နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မီဒီယာလွတ်လပ်ခွင့် ဖြစ်ကြောင်း၊ သတင်းသမားတွေကို ဖိနှိပ်မယ့် ဥပဒေတွေကို မလိုချင်ကြောင်း၊ သတင်းသမားတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေကိုသာ လိုချင်ကြောင်း၊ သတင်း သမားတွေဟာ ဘယ်တော့မှ အာဏာရဖို့ကို မကြိုးစားကြောင်း၊ သူတို့ကြိုးစားတာက အချုပ်အခြာအာဏာ ဆိုတဲ့ မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဖို့ပဲဖြစ်ကြောင်း တို့ကို သတင်းစာဆရာများက ပြောကြားသွားကြပါသည်။ နိုင်ငံခြား သတင်းထောက်များအပါ အဝင် ပြည်တွင်း သတင်းသမားများ ၇၀ ကျော်တက်ရောက်ခဲ့ကြပါသည်။ မင်္ဂလာ သတင်းများ ဖြစ်ပါသည်။

    သတင်းသမားများ လိုအင်ဆန္ဒနှင့် ကိုက်ညီသော နိုင်ငံတကာ စံချိန် စံညွန်းနှုန်းထား များနှင့် အံဝင်သည့် မီဒီယာ ဥပဒေ တရပ်ကို မည်ကဲ့သို့ ဖော်ထုတ်ကြ ပါမည်နည်း။ ပထမဦးဆုံး အဆင့်မှာ မူကြမ်းရေးဆွဲရေး ဖြစ်ရပါမည်။ သတင်းသမားများ ကိုယ်တိုင်ပါဝင်ခွင့်ကိုပေးရပါမည်။ စာနယ်ဇင်း သမဂ္ဂ များမှ ဦးဆောင်သင့်ပါသည်။ လွှတ်တော် ဥပဒေ ရေးရာဌာန တခုတည်းဖြင့် ရေးဆွဲလျှင် အံချော်တတ်ပါသည်။ အဘယ်ကြောင့်ဟူမူ ဘဝခံစားချက်တူ လုပ်ငန်းသဘာဝတူ လူလူချင်း ညှိနှိုင်းတိုင်ပင် ကတိကဝတ်ပြုမူသည်သာ စည်းနှောင်အားကောင်းပြီး ကိုယ်ပိုင်အသိဖြင့် လိုက်နာ ကြပါမည်။ လွှတ်တော်က ပြဋ္ဌာန်းရုံဖြင့် ဥပဒေနာမည်တတ်၍ ရနိုင်မည်ဖြစ်သော်လည်း လိုက်နာမှု ကိုယ်ပိုင်အသိကိုတော့ ဖန်တီးပေးနိုင်လိမ့်မည် မဟုတ်ပါ။ ဥပဒေ စိုးမိုးရေး ဆိုသည်မှာ ကိုယ်တိုင်အသိဖြင့် လိုက်နာရေးကို ဦးဆောင်မှုပေးရပါမည်။

    တချို့ နိုင်ငံကြီးများတွင်ပင်လျှင် မည်သည့်ကွန်ဂရက် မည်သည့်လွှတ်တော်ကမှ သတင်းမီဒီယာ ဥပဒေကို ထုတ်ပြန်ခြင်း မပြုရဟူ၍ပင် ပြဋ္ဌာန်းထားသည်များရှိပါသည်။ သတင်းမီဒီယာ၏ လွတ်လပ်မှုကို အနည်းငယ်မျှ မကန့်သတ် မချုပ်ချယ်လို၍ ဖြစ်ကြောင်းတွေ့ရပါသည်။ စည်းကမ်းဆိုသည်မှာ လူတန်ဖိုးဖြစ်ကြောင်းလူတိုင်း နားလည်ပါသည်။ အဖွဲ့အစည်းများအနေဖြင့် ထို့ထက်ပင် နားလည်ပါသေးသည်။ မည်သို့လိုက်နာအောင် ဆောင်ရွက်မည်နည်းဆိုသည်မှာ တဦးချင်းကိုယ်စီ၏ ကိုယ်ပိုင် အကျင့်သီလစောင့်ထိမ်းမှုနှင့်သာ တိုက်ရိုက်ပတ်သက်ပါသည်။ ဥပုဒ်သီလ စောင့်ထိန်း ခြင်းနှင့် စည်းကမ်းလိုက်နာခြင်းသည် အနေရာတွင် တူညီမျှတပါသည်။ ဥပမာ င/ရဲ ခွေးကြီး လွတ်နေပြီ။ ဆောင်းပါးကို ရေးသင့်မရေးသင့် ပထမဆုံးစဉ်စားရန်လိုပါသည်။ မြန်မာ့ မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် တိုင်းက ရေးသင့်သည်ပြောပါမည်။ ဘာကြောင့်ပါနည်။ အမျိုးသားလိုအပ် ချက်အတွက် ရေးကိုရေးရမည် ဖြစ်သောကြောင့်ပင် မဟုတ်ပါလော။ အယ်ဒီတာ စည်းကမ်းအရ သခင်အောင်ဆန်းက သူ့ကို သတ်သွားသည့်တိုင် ထုတ်ဖော်လိမ့်မည်မဟုတ်။ လောကလိုအပ်ချက်၊ဓမ္မလိုအပ်ချက်၊ သဘာဝလိုအပ်ချက် များကို ဆန့်ကျင်၍ မည်သည့် စည်းမျဉ်းစည်းကမ်းကိုမှ ချမှတ်၍ ရမည်မဟုတ်ပါ။ ရေရှည်တည်တံ့နိုင်ပါမှ လူတိုင်းလိုက်နာပါမည်။ မြင်းတပြေးအလှ ဖြင့် ပေါ်ပင်လုပ်လျှင် ခဲပေါက်ခံရသည့် သူကြီးအိမ်လိုဇြစ်တတ်ပါသည်။ အထူးအလေးထားရန် လိုအပ်ပါသည်။ ရှိပြီးသား စည်းမျဉ်း စည်းကမ်းများသည်ပင်လျှင် ခေတ်မမှီတော့ ၍ ပယ်ဖျက်ပစ်ရမည့် ပုဒ်မများ အမြောက်အမြားရှိနေပါသည်။ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာ ဥပဒေ) မူရင်းဥပဒေ၌ပင် မပြည့်စုံနိုင်တော့ပါ။ ပြင်ဆင်မွမ်းမံ ရန် လွန်စွာ အရေးတကြီး လိုအပ်နေပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,000SubscribersSubscribe
    spot_img

    Latest posts