spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံတစ်ရပ်ကျင်းပရန် KIO တောင်းဆို

    ပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံတစ်ရပ်ကျင်းပရန် KIO တောင်းဆို

    -

    ဂျူရီချိုင်း – KIOနှင့် မြန်မာအစိုးရနှစ်ဖက်ကိုယ်စားလှယ်တို့ ယမန်နေ့ပထမနေ့ဆွေးနွေးပွဲ၌ နိုင်ငံရေးကိုဦးဆောင်နေသည့် ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ပင်လုံကဲ့သို့သော ညီလာခံတစ်ရပ် ကျင်းပပေးရန် KIOမှ တင်ပြခဲ့သည်။

    ယင်းဆွေးနွေးပွဲတွင် မြန်မာအစိုးရမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီဥက္ကဋ္ဌဖြစ်သူဦးသိန်းဇော်နှင့် KIO ကိုယ်စားလှယ် ဦးဆွမ်းလွတ်ဂမ် ခေါင်းဆောင်သောအဖွဲ့ဝင်များ ယမန်နေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ရွှေလီမြို့၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ သဘောတူညီမှုမရရှိပဲ ယနေ့တွင် ဆက်လက်ဆွေးနွေးကြဦးမည်ဟု သိရသည်။

    တိုက်ပွဲများအတွင်း မြန်မာစစ်သားအချို့ကိုကေအိုင်အိုမှဖမ်းဆီးရမိပုံ
    KIOမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ရမယ်၊ နိုင်ငံရေးခေါင်းဆောင် ပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင် တွေအပါအဝင် ညီလာခံတစ်ခု ကျင်းပရမယ်၊ အဲဒီညီလာခံဖြစ်ဖို့ အဆင့်ဆင့် အချိန်ယူပြီး အဖွဲ့အလိုက် ဆွေးနွေးမှုလုပ်ရမယ်” ဟု ပြောသည်။

    ယမန်နေ့နှစ်ဖက်တွေ့ဆုံပွဲတွင် KIO တင်ပြတောင်းဆိုခဲ့သည့် အချက် (၃) ချက်မှာ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ရရှိအောင်လုပ်ဆောင်ရန်၊ တစ်ဖက်နှင့်တဖက် ပုတ်ခတ်ပြောဆိုမှုများ မပြုလုပ်ရန်၊ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ပြည်သူလူထုကိုမှန်ကန်သည့် သတင်းများထုတ်ပြန်ခြင်းတို့ ဖြစ်သည်။

    ယမန်နေ့ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီဖွဲ့ပြီး လွှတ်တော်ထဲဆွေးနွေးရန်ကိစ္စ မပါဝင်ကြောင်း၊ လွှတ်တော်ထဲဆွေးနွေးရန်ကိစ္စသည်တိုင်းရင်းသားများ လိုချင်သည့်သဘောနှင့် ဆန့်ကျင်ဘက်လမ်းကြောင်း ဖြစ်နေသည်ဟု ဦးလနန်က ပြောသည်။

    KIO နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်နေဆဲယခုကာလတွင် KIA ဌာနချုပ်တဝိုက်နှင့် တပ်မဟာ ၅ ဒေသ၌ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

    ဦးလနန်က “ပြဿနာဖြစ်ပွားနိုင်တဲ့ဒေသမှာ တပ်တွေကို ခွဲခွဲခြားခြားနေရာသတ်မှတ်ပြီး ဆုတ်ခွါသွားမယ်ဆိုရင်တော့ တိုက်ပွဲတွေငြိမ်းသွားမှာပါ၊ ဒီအချက်တွေက နိုင်ငံရေးဆွေးနွေးနိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်နိုင်အောင် နှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်တဲ့ ကိစ္စတွေပါ” ဟု ပြောသည်။

    နှစ်ဖက်ကိုယ်စားလှယ်တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်တစ်ကြိမ် တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။

    KIO ကချင်လွတ်မြောက်ရေးအဖွဲ့သည် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်၌ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲမှုပြုလုပ်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းကိစ္စကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks