Homeသတင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးများ ပါဝင်ရန်လိုအပ်

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးများ ပါဝင်ရန်လိုအပ်

-

လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုဖြစ်စဉ်တလျှောက်တွင် ကရင်အမျိုးသမီးများအနေဖြင့် ပါဝင်သင့်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး KWO က ယနေ့ပြောကြားလိုက်သည်။

ဇန်နဝါရီလတွင်နေပြည်တော်ရောက် ကေအဲန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကရင်တိုင်းရင်းသူတစ်ဦးအားတွေ့ဆုံနှုတ်ဆက်စဉ်( Photo-IMNA)
ကရင်အမျိုးသမီးအစည်းအရုံး KWO အတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က“ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်မှာ ကျမတို့ အမျိုးသမီးအနေနဲ့ ပါဝင်ဖို့ အရေးကြီးပါတယ်၊ ဒါမှလည်း မိမိတို့အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုနိုင်မှာဖြစ်တယ်”

KWO ၏ ဒုတိယအကြိမ်မြောက် ဗဟိုကော်မတီဝင်များ အစည်းအဝေး၌ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဆွေးနွေးသုံးသပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုအဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်ရန် အရေးကြီးကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများသည် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ရန်လိုအပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့်အညီ ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသည့် ကရင်ပြည်နယ်၏ ဒေသအသီးသီးတွင် ကရင်အမျိုးသမီးများနှင့် ကလေးသူငယ်များ တွေ့ကြံုခံစားရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် လိုအပ်ချက်များ၊ စိုးရိမ်ချက်များနှင့် အကြံပြုချက်များကို ကရင်တမျိုးသားလုံးအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် ကရင်အမျိုးသမီးများ ပါဝင်တင်ပြ တောင်းဆိုနိုင်ရန် ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU လည်း မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေးဆွေးနွေးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် ကရင်အမျိုးသမီးများ ပူးပေါင်းပါဝင်မှုရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကြာသေးခင်ကပင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ နယ်စပ်တနေရာတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဗဟိုကော်မတီဝင်များအစည်းအဝေးသို့ ခရိုင် ရ ခုမှ ကိုယ်စားလှယ်များ၊ ဒုက္ခသည်စခန်းမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များနှင့် လေ့လာသူများအပါအဝင် ကရင်အမျိုးသမီးကိုယ်စားလှယ် စုစုပေါင်း ၄၀ ဦးတက်ရောက်သည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသမီးအစည်းအရုံးကို ကရင့်တော်လှန်းရေး စတင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ ခရိုင် ရ ခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ အဖွဲ့ဝင်ပေါင်း ၄၉၀၀၀ ဦးရှိပြီး အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အထူးလိုအပ်ချက်များကို ကူညီထောက်ပံ့ခြင်း၊ အမျိုးသမီးများအပေါ် မြန်မာအစိုးရစစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများ အပါအဝင် အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များကို သတင်းအချက်အလက်များ ကောက်ယူစုဆောင်းခြင်းနှင့် ကိုယ်စားပြုထုတ်ဖော်ပြောဆိုခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts