Homeသတင်းနှစ်ပါတီ ပူးပေါင်းပြီးမှသာ တရားဝင်ပါတီအဖြစ် ရပ်တည်မည်ဟု MNDF ပြော

နှစ်ပါတီ ပူးပေါင်းပြီးမှသာ တရားဝင်ပါတီအဖြစ် ရပ်တည်မည်ဟု MNDF ပြော

-

Jan 19, 2012 – ကျလွန်းထော – မွန်ပါတီနှစ်ပါတီ ပူးပေါင်းပြီးမှသာ တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်သွားမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (မွန်ဒီမို) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

ဒေါက်တာ မင်းစိုးလင်းက “ကျနော်တို့က ပူးပေါင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ၊ မွန်အထင်ကရ ဆရာတော်တွေကလည်း မွန်ပါတီနှစ်ခု လုံးဝမဖြစ်ရဘူးလို့ မိန့်ကြားထားတယ်၊ ဒါကြောင့် ပါတီပူးပေါင်းရေး အရင်လုပ်ပြီးမှ ပါတီမှတ်ပုံတင်ဖို့ စဉ်းစားသွားမယ်”

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) တို့ ပူးပေါင်းနိုင်ရေးအတွက် မွန်အထင်ကရဆရာတော်ကြီးများ ဦးဆောင်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့တွင် အစည်းအဝေးတရပ် ပြုလုပ်သွားမည်ဟုလည်း ၄င်းက ပြောသည်။

မွန်ပြည်သူများအကြား မွန်ပါတီ တပါတီသာ ရှိရမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်ကလည်း ပြောသည်။

၄င်းက “မွန်ပါတီ နှစ်ပါတီ မဖြစ်စေရဘူး၊ ပူးပေါင်းဖို့က ကျနော်တို့ စီစဉ်ထားပါတယ်၊ အခု ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ကလည်း (MNDF) က ကျနော်တို့ကို ကူညီပေးနေပါတယ်” ဟု ပြောသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့်အတူ ၉၀ ရွေးကောက်ပွဲပြီးနောက် ဖျက်သိမ်းခံထားရသည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပါတီပြန်လည်မှတ်ပုံတင်ရန် စီစဉ်နေကြသော်လည်း MNDF ပါတီအနေနှင့်က မွန်ပါတီနှစ်ခု ပူးပေါင်းပြီးမှသာ တရားဝင်ပါတီအဖြစ် ရပ်တည်သွားမည်ဖြစ်သည်။

အကယ်၍ မွန်ပါတီနှစ်ခု ပူးပေါင်းပြီးပါက ပါတီ၏ အမည်ကိုလည်း ယခင်ချမှတ်ထားခဲ့သည့် ‘မွန်ဒီမိုဂရက်တစ်ပါတီ’ အမည်ဖြင့် ရပ်တည်သွားရန် အကြံပြုထားသည်ဟုလည်း ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီမှတ်ပုံတင်သင့်/ မတင်သင့်နှင့် ပါတီအမည်ရွေးချယ်ချိန်၌ မွန်ဝါရင့်နိုင်ငံရေးသမားများက ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ၁၅ ဦး ကော်မတီဖွဲ့ကာ ‘မွန်ဒီမိုဂရက်တစ်ပါတီ’ အမည်ဖြင့် မှတ်ပုံတင်ရန် ရွေးချယ်ခဲ့သော်လည်း အောင်မြင်မှုမရှိသည့်အတွက် နောက်ဆုံး ‘မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ’ အမည်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts