Homeသတင်းတန်းတူရေးအတွက် KIO အစိုးရနှင့် တွေ့ဆုံ

တန်းတူရေးအတွက် KIO အစိုးရနှင့် တွေ့ဆုံ

-

ရိုင်မရော့ – တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်ရေးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်တို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်သူများ လိုလားတောင့်တလျက်ရှိသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းသွားနိုင်ရန်အတွက် ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်တို့နှင့် တွေ့ဆုံမှု စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့တွင် KIO မှ သတင်းထုတ်ပြန်ထားသည်။

“ဒီကနေ့နေ့လည်လောက်ကနေစဆွေးနွေးကြတယ်၊ မနက်ဖြန်လည်း ဆက်ဆွေးနွေးဖြစ်အုံးမယ်၊ ကျနော်တို့ဘက်ကတော့ ကျနော်တို့ လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့နဲ့ အချက် ၆ ချက် တင်ပြတယ်” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ယနေ့တွေ့ဆုံပွဲတွင် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်သောင်းဦးဆောင်သည့်အဖွဲ့ ၁၄ ဦးနှင့် KIO ဘက်မှ ကိုယ်စားလှယ် ၁၂ ဦးတို့ပါဝင်ပြီး၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ကြသည်။

KIO အနေနှင့် စစ်ပွဲဆိုသည်မှာ နိုင်ငံရေး၏အကျိုးဆက်ဖြစ်သောကြောင့် စစ်ပွဲများအဆုံးသတ်ကာ ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု ယုံကြည်ထားသည်။

ထိုယုံကြည်မျှော်လင့်ချက်ကြောင့် KIO အနေနှင့် နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အပစ်ခတ်ရပ်ဆိုင်းခြင်းများ ပြုလုပ်လာခဲ့သည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရတို့နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစတင်ပြီး နှစ်ဘက် ပြန်လည်တိုက်ခိုက်ခဲ့ကြကာ တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ ကချင်ပြည်သူပေါင်း ၆ သောင်းခန့် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

ဦးအောင်သောင်းဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားတပ်ဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ထိုအတူ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်လည်း ယခုလအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ရှမ်းပြည်တပ်မတော်
တောင်ပိုင်း (SSA-S ) တို့နှင့် အပစ်ခတ်ရပ်စဲရေး ပဏာမသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုလ ၂၀ ရက်နေ့နောက်ပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့နှင့်လည်း တွေ့ဆုံရန်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts