Homeသတင်းယခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် မွန်ဆရာတော်များမရရှိ

ယခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် မွန်ဆရာတော်များမရရှိ

-

မင်းတော်လဝီ – ယခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေး) နေ့တွင် ထုတ်ပြန်သော မြန်မာသမ္မတဦးသိန်းစိန်၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းရာတွင် မွန်ဆရာတော်များ အမည်စာရင်းမပါဝင်ကြောင်း သိရသည်။

“မွန်သံဃာတော် အပါးရေ ၆၀၀၀ ကျော်ရှိတယ်၊ စာသင်တိုက်များစွာရှိတယ်၊ တရားစခန်းကမ္မဌာန်းကျောင်းတွေလည်း များစွာရှိတယ်၊ ဘွဲ့တံဆိပ်တော် မရတာတော့ ဘုန်းကြီးလည်း အံ့သြမိတယ်”ဟု သံဖြူဇရပ်မြို့မှ အထင်ကရမွန်ဆရာတော်တပါးက မိန့်သည်။

သမ္မတထုတ်ပြန်သော အမိန့်ကြေငြာစာပါ ဘွဲ့တံဆိပ်အမျိုးအစားအသီးသီးတွင် မွန်ပြည်နယ် ဆရာတော်သံဃာတော် ၄ ပါး ပါဝင်ခဲ့သော်လည်း မွန်ဆရာတော် သံဃာတော်အရေအတွက် တစ်ပါးမှ မပါဝင်ခဲ့ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ဘွဲ့တံဆိပ်တော် အလှူခံရရှိမှုနည်းပါးကြောင်း ဆရာတော်က ဆက်မိန့်သည်။

“မနှစ်ကတော့ မြို့နယ်အသီးသီးက မွန်ဆရာသံဃာတော်များနဲ့ မွန်မဟုတ်တဲ့ ဆရာတော်သံဃာဝောာ် ၁၀ ပါးလောက် ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရတယ်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်ခံရတာရှိတယ်” ဟု မော်လမြိုင်မြို့ပေါ်ရှိ မွန်စာသင်တိုက်တတိုက်မှ ဆရာတော်တစ်ပါးက မိန့်တော်မူသည်။

ဘွဲ့တံဆိပ်တော်အလှူခံရရှိနိုင်ရန် သံဃာတော်များသည် သက်ဆိုင်ရာမြို့နယ်မှ သာသနာရေးမှူးများထံ တင်ပြပြီး ၄င်းမှတဆင့် သာသနာရေးဦးစီးဌာန အထက်အဖွဲ့အစည်းအဆင့်ဆင့်ထံသို့ တင်ပြကြရသည်။

ယင်းကဲ့သို့ အဆင့်ဆင့်တင်ပြရာတွင် သံဃာတော်များ၏ အတ္ထုပ္ပတ္တိကို စိစစ်မှုများပြုလုပ်ရသည်။ ၄င်းစီစစ်မှုမျိုးကိုမခံယူလိုသော သံဃာတော်များလည်းရှိသည်ဟု မော်လမြိုင်မြို့မှ ဒါယကာတဦးက ပြောသည်။

မွန်ဆရာတော်ကြီးတပါးက မိန့်ကြားရာမှာ “ပရိယတ်၊ ပဋ္ဋိပတ်ဝန်ဆောင် မွန်ဆရာတော်တွေ များစွာရှိပါတယ်၊ မွန်ဆရာတော်သံဃာတော်တွေလည်း လွန်ခဲ့တဲ့ နှစ်တွေများက တော်တော်ရ လာကြပြီပဲ”ဟု မိန့်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၁ -၂၀၁၂ (၂၀၁၂)ခုနှစ် ဇန်နာဝရီလ (၄) ရက်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်း ခြင်းဆိုင်ရာကိုထုတ်ပြန်ခဲ့ပြီး လာမည့်တပေါင်းလပြည့်နေ့တွင် နိုင်ငံတော်အခမ်းအနားဖြင့် ဆက်ကပ်လှူဒါန်းမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts