Homeသတင်းထိခိုက်မှုများသည့် အနန်းကွင်းပေါက်ကွဲမှု လက်သည်မဖော်နိုင်သေး

ထိခိုက်မှုများသည့် အနန်းကွင်းပေါက်ကွဲမှု လက်သည်မဖော်နိုင်သေး

-

မင်းသုတ – ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ အနန်းကွင်းကျေးရွာဘုရားပွဲ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်သည်ကို လက်သည်မဖော်နိုင်သေးကြောင်း သိရသည်။

အနန်ကွင်းကျေးရွာတည်နေရာပြမြေပုံ
အနန်ကွင်းကျေးရွာတည်နေရာပြမြေပုံ

ဇန်နဝါရီလ ရ ရက်နေ့ ည ၁၀ နာရီကျော်တွင် ဖြစ်ပွားခဲ့သည့် အနန်းကွင်းဘုရားပွဲ ပေါက်ကွဲမှုသည် ပွဲလာရောက်ကြည့်ရှုသူ ဒေသခံ (၅၁) ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၄င်းအနက် (၄) ဦး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောသည်။

“စစ်တပ်ခြံစည်းရိုးဝင်းအပြင်ဘက်နဲ့ ပွဲခင်းအကြားပေါက်ကွဲတာ၊ အများကြီးထိခိုက်ဒဏ်ရာရတယ်၊ ဒဏ်ရာပြင်းတဲ့ ၁၄ ယောက်ကို သံဖြူဇရပ်နဲ့ မော်လမြိုင်ဆေးရုံကိုပို့ထားလိုက်တယ်၊ အချို့ကိုတော့ အနန်းကွင်းဆေးပေးခန်းမှာပဲ ကုသပေးနေတယ်” ဟု အနန်းကွင်းရွာသားတဦးက ပြောသည်။

ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမပေါ်ရှိ အနန်းကွင်းကျေးရွာ ဘုရားပွဲကို နှစ်စဉ်ပြာသိုလပြည့်နေ့တွင် ကျင်းပလေ့ရှိရာ၊ ယခုလို ပေါက်ကွဲမှုဖြစ်ပေါ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုသည် မည်သူ့လက်ချက်ဖြစ်သည်ကို ယနေ့ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

အနန်းကွင်းကျေးရွာ၌ မြန်မာစစ်တပ်မှ အလှည့်ကျရှေ့တန်းစစ်ဗျူဟာရုံးအမြဲတမ်းထားရှိပြီး လက်ရှိတွင် စကခ (၅) လက်အောက်ခံ နည်းဗျူဟာ (၁) အခြေစိုက်၍ စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) တပ်ရင်းက ပွဲခင်းလုံခြုံရေးယူထားသည်ဟု သိရသည်။

“ရွာသားတွေကတော့ ဗမာစစ်တပ်လက်ချက်လို့ပြောတယ်၊ ကျနော်တို့ကေအဲန်ယူသြဇာခံရွာ၊ ကရင်ရွာဘုရားပွဲ၊ ကေအဲန်ယူတပ်တွေ လုံးဝဝင်မရှုပ်ဘူး” ဟု ကေအဲန်ယူတပ်မဟာ (၆) မှ ဗိုလ်ကြီးစောထဲနေက ပြောသည်။

ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်ကားလမ်းမ၏ သုံးပုံနှစ်ပုံခန့်ကို ကေအဲန်ယူတပ်မဟာ (၆) မှ ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်။

လာမည့်ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်နှင့် ကေအဲန်ယူအဖွဲ့တို့ နှစ်ဖက်ကိုယ်စားလှယ်များ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် ရက်ချိန်းသတ်မှတ်ထားပြီး ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts