spot_img
Wednesday, June 25, 2025
More
    spot_img
    Homeသတင်းပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်နှင့် မွန်ပြည်သစ်ပထမအကြိမ်တွေ့ဆုံ

    ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်နှင့် မွန်ပြည်သစ်ပထမအကြိမ်တွေ့ဆုံ

    -

    ရိုင်မရော့ – ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် မွန်ပြည်သစ်ပါတီအဖွဲ့တို့ ပထမအကြိမ် ပဏာမငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့ နေ့လည်း ၁၀ နာရီကျော်တွင် ထိုင်းနိုင်ငံ စံခလပူရီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    “အစိုးရကိုယ်စားလှယ်တွေဘက်က အဆင့် ၃ ဆင့် တင်ပြတယ်၊ (၁) အပစ်ခတ်ရပ်စဲပြီးတော့ ဆက်ဆံရေးရုံးတွေဖွင့်ဖို့၊ ၂ အချက်အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ တတိယအဆင့်အနေနဲ့ နေပြည်တော်မှာ ပင်လုံကဲ့သို့သော ကျယ်ပြန့်တဲ့ညီလာခံကျင်းပနိုင်ဖို့ စတာတွေပါတယ်” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    မွန်ပြည်သစ်ပါတီဘက်မှလည်း အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် တချိန်တည်း ပြုလုပ်ပေးရန် ထိုမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မြန်မြန်ဆန်ဆန်နှင့် လုပ်ဆောင်ပေးဖို့ ဗဟိုအစိုးရကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအလားလုံး တွေ့ဆုံဆွေးနွေးသွားရန် ပြန်လည် တင်ပြခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

    မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ပြည်တောင်စု မီးရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့ ၈ ဦးတို့ပါဝင်သည်။

    ယင်းတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ဗဟိုအလုပ်မှုဆောင် နိုင်ရွှေသိန်းနှင့် နိုင်တလညီ၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီကောင်းနှင့် ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ဗညားလယ်တို့ပါဝင်ကြသည်။
    မွန်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်များဖြစ်ကြသော ၊ အထင်ကရ မွန်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ၊ ဘဒ္ဒန္တ သီလဝန္တ၊ နိုင်တင်အောင် (လက်ရှိ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ ၂)၊ နိုင်စိုးမြင့် (မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုကော်မတီဝင်)၊ တို့လည်း ပါဝင်ကြသည်။

    ယခုတွေ့ဆုံမှုသည် ပဏာမတွေ့ဆုံမှုဖြစ်ပြီး လာမည့် ဇန်နဝါရီလတွင် နောက်ထပ်တကြိမ်တွေ့ဆုံရန် အစိုးရကိုယ်စားလှယ်ဘက်မှ ထပ်မံကမ်းလှမ်းထားသော်လည်း မွန်ပြည်သစ်ပါတီအနေနှင့် ဗဟိုနှင့် တင်ပြပြီးမှသာ ဆုံးဖြတ်မည်ဟု နိုင်ဟံသာက ပြောသည်။

    မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့သည် ကရင်၊ ကချင်၊ ကရင်နီနှင့် ချင်းအစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုဝင်ဘာလတွင် တွေ့ဆုံခဲ့ကြသော်လည်း ထိုစဉ်က မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံမှုမရှိခဲ့ပေ။

    မွန်ပြည်သစ်ပါတီသည် အောက်တိုဘာလက ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ရေးမြို့တွင် တကြိမ်၊ နိုဝင်ဘာလတွင် မွန်ပြည်နယ်အစိုးရငြိမ်းချမ်းရေး အကျိုးတော်ဆောင်များနှင့် ဗဟိုဌာနချုပ်တွင် တကြိမ် တွေ့ဆုံခဲ့ကြသည်။

    အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံနေစဉ်တွင် မွန်ပြည်သစ်တီသည် ဒီဇင်ဘာ ၂၁ ရက်နေ့မှစပြီး အဋ္ဌမအကြိမ် ပါတီညီလာခံကို ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပလျက်ရှိနေသည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရယူခဲ့ပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့်အတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစပြီး အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ကြသည်။

    ဓါတ်ပုံများကြည့်ရှုလိုလျှင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,500SubscribersSubscribe
    spot_img

    Latest posts