Homeသတင်းဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်း ဂိတ်ကြေးကြီးမြင့်မှုကြောင့် ကုန်ပစ္စည်းများစျေးတက်

ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်း ဂိတ်ကြေးကြီးမြင့်မှုကြောင့် ကုန်ပစ္စည်းများစျေးတက်

-

မင်းတော်လဝီ – ဘုရားသုံးဆူ-သံဖြူဇရပ် နယ်စပ်လမ်းတလျှောက်တွင် ဂိတ်ကြေးများကောက်ခံမှုကြောင့် ကုန်သည်များက ကုန်မသယ်ပို့ နိုင်သဖြင့် ဘုရားသုံးဆူမြို့နယ်တွင် စားသုံးကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်နေသည်။

ပုံ- (Mike Hohman)
ပုံ- (Mike Hohman)

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ကုန်သည်တဦးက “ခုလိုရာသီမှာ ရေလမ်းကနေ သွားလို့ မရတော့ဘူး။ ကားလမ်းတမျိုးပဲ အားကိုးရတယ်။ ကုန်ပစ္စည်း သယ်တဲ့အခါမှာ ဂိတ်ကြေးကောက်တာများ လွန်းတယ်။ အမြတ်မရှိလို့ ကုန်သည်တွေက ကုန်ပစ္စည်း မသယ်ပို့နိုင်တော့ဘူး”ဟုပြောသည်။

ဘုရားသုံးဆူမြို့မှ ကုန်သည်များသည် မြန်မာနိုင်ငံတွင်းမှ ဆန်၊ ငရုတ်သီးခြောက်၊ ကြက်သွန်၊ ငါးခြောက် အစရှိသည့် အခြေခံ စားသုံးကုန်များ သယ်ယူသိုလှောင်၍ ရောင်းချကြသည်။

ဘုရားသုံးဆူမြို့မှ မွန်ပြည်နယ် သံဖြူဇရပ်မြို့အထိဖောက်လုပ်ထားသည့် ကားလမ်းတလျှောက်တွင် ဂိတ်ပေါင်း ၃၃ ဂိတ်ရှိပြီး နယ်မြေခံအစိုးရတပ်ရင်း၊ ရဲ၊ ပြည်သူ့စစ်၊ လဝကအဖွဲ့များနှင့် မွန်ပြည်သစ်ပါတီ၊ ကေအန်ယူတပ်ဖွဲ့နှင့် အပစ်ရပ်ထားသည့် ဒီကေဘီအေတပ်ဖွဲ့ စသည်တို့က သက်ဆိုင်ရာဂိတ်များတွင် ငွေကောက်ခံနေကြသည်ဟု နယ်စပ်ကုန်တင်ပို့သည့် ယာဉ်မောင်း တဦးက ပြောသည်။

၎င်းက “ကုန်ပစ္စည်းသယ်တဲ့ ၁၀ ဘီးကုန်တင်ကား တစီးဆိုရင် ကျပ်ငွေ သိန်း (၂၀) လောက်ပေးရတယ်။ ခရီး သည်တင် ကားငယ်တစီးဆိုရင်တော့ ကျပ်ငွေ (၂) သိန်းလောက် ပေးရတယ်” ဟု ပြောသည်။

ယခုလက်ရှိ ကုန်တင်ပို့မှုအဟန့်အတားကြောင့် ဘုရားသုံးဆူမြို့နယ်၌ ပြီးခဲ့သည့်လတွင် တတင်းခွဲဆန့်သည့် ဆန်တအိတ်ကို မြန်မာငွေ ၂၂,၅၀၀ ကျပ် ပေးဝယ်ရသော်လည်း ယခုလတွင် ၂၅,၀၀၀ ကျပ်ထိတက်သွားပြီး ကြက်သွန်နီစျေးမှာမူ တကီလိုဂရမ်လျှင် ၅၀၀ ကျပ်မှ ရ၀၀ ကျပ်အထိ တိုးမြင့်သွားသည်။

ငါးနှပ်ခြောက် တကီလိုဂရမ်ကိုလည်း ယခင်လက ၂,၁၀၀ ကျပ်သာပေးဝယ်ရသော်လည်း ယခုလတွင်မူ ၂,၅၀၀ ကျပ်အထိ ထိုးတက်သွားသည်။

ဘုရားဆုံးဆူမြို့ရှိ ဖိနပ်စက်ရုံမှ အလုပ်သမ မအိချွန်းက “ဘုရားသုံးဆူမြို့ပတ်ဝန်းကျင်က စက်ရုံအလုပ်သမား တွေကျတော့ မြန်မာအစားအစာကို အဓိကစားနေတော့ အဲဒီပစ္စည်းတွေ စျေးတက်ရင် ရတဲ့လုပ်ခနဲ့ ၀ယ်စားနိုင် ဖို့က အဆင်မပြေဘူးဖြစ်သွားမယ်” ဟု ပြောသည်။

ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်မြို့အထိ ဖောက်လုပ်ဆက်သွယ်ထားသည့် နယ်စပ်လမ်းသည် မိုင် ၆၀ ခန့်အကွာဝေးရှိပြီး လမ်းတလျှောက်လုံး၏သုံးပုံနှစ်ပုံခန့်သည် ကေအန်ယူတပ်များထိန်းချုပ်ထားသည့် နယ်မြေများကို ဖြတ်သန်းသွားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts