spot_img
Saturday, February 15, 2025
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်ရှိဟု မွန်ပြည်သစ်ပါတီပြော

    ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်ရှိဟု မွန်ပြည်သစ်ပါတီပြော

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မြန်မာအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    မွန်အမျိုးသားနေ့ စစ်ရေးပြအခန်းအနားတစ်ရပ်မြင်ကွင်းမှ မွန်ပြည်သစ်ပါတီရဲဘော်များ စစ်သည်တေးဖြင့် ချီတက်လာစဉ် (ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်အမျိုးသားနေ့ စစ်ရေးပြ အခန်းအနားမြင်ကွင်းတစ်ရပ်မှ မွန်ပြည်သစ်ပါတီရဲဘော်များ စစ်သည်တေးဖြင့် ချီတက်လာစဉ် (ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လိုက်လံဆွေးနွေးနေသော မြန်မာအစိုးရကိုယ်စားလှယ် မီးရထားဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့က မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ကမ်းလှမ်းခဲ့သည့် အချိန်ကာလကိုမူ နိုင်ဟံသာက ပြောဆိုခြင်းမရှိခဲ့ပေ။

    ၎င်းက “ကျနော်တို့ကလည်း တွေ့ဆုံမှာပါ မငြင်းပါဘူး၊ ကျနော်တို့ဘာတောင်းဆိုမလဲ ဆိုတော့ စစ်ဖြစ်ပွားနေတဲ့ ဒေသတွေအားလုံးမှာ တပြိုင်တည်းနဲ့ တပြည်လုံးအပစ်ရပ်စဲနိုင်ဖို့၊ နောက်တဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဗဟိုအစိုးရကိုယ်စားလှယ်နဲ့ ကျနော်တို့UNFC ကိုယ်စားလှယ်နဲ့တွေ့ဆုံစကားပြောဖို့၊ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖို့ဆိုတာပြည်နယ်အစိုးရမှာ အခွင့်အာဏာမရှိဘူးဆိုတာကို ကျနော်တို့သိထားတယ်” ဟုပြောသည်။

    UNFC ကို မူလက မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ဖြင့်ဖွဲ့စည်းခဲ့ပြီး ယခုလက်ရှိတွင်မူ ယင်းအဖွဲ့ဝင်များထဲမှ ကချင်အဖွဲ့နှစ်ဖွဲ့ကိုပေါင်းစည်းလိုက်သဖြင့် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ်သွားကြောင်း နိုင်ဟံသာက ပြောသည်။

    ပြီးခဲ့သည့်လတွင် UNFC အဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU), ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP), ချင်းအမျိုးသားတပ်ဦး (CNF), ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) များနှင့် မီးရထားဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

    မွန်ပြည်သစ်ပါတီကမူ ပြီးခဲ့သည့် အောက်တိုဘာလတွင် မွန်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ရေးမြို့တွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် မွန်ပြည်နယ်အစိုးရငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် ဗဟိုဌာနချုပ်တွင် တစ်ကြိမ် တွေ့ဆုံခဲ့သည်။

    ယခုလ ထဲတွင် အဌမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် မြန်မာအစိုးရနှင့် အပစ်ရပ်စဲရေးကိစ္စကို အဓိကထားဆွေးနွေးသွားမည်ဟု မွန်ပြည်သစ်ပါတီစစ်ရေးအကြံပေး အငြိမ်းစားဗိုလ်မှူးကြီးဟောင်းကောင်းရွတ်က ပြောသည်။

    ၎င်းက “မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံမတိုင်ခင် တွေ့ဆုံနိုင်ရင်ကောင်းမယ်၊ ညီလာခံကျင်းပပြီးမှတွေ့ရင် ဆုံးဖြတ်ချက်တွေပြောင်းလဲသွားနိုင်တယ်” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရယူခဲ့သည်။ နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရကအတင်းအကြပ် တွန်းအားပေးလာမှုကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် နှစ်ဖက် အပစ်ရပ်စဲရေး ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts