spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းCRPP ခေါင်းဆောင်များနှင့် ဟီလာရီကလင်တန်တွေ့ဆုံ

    CRPP ခေါင်းဆောင်များနှင့် ဟီလာရီကလင်တန်တွေ့ဆုံ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ခေါင်းဆောင်များတို့ ယနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ နာရီဝက်ကြာ တွေ့ဆုံခဲ့ကြသည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌနိုင်ငွေသိမ်းက ပြောသည်။

    CRPP အဖွဲ့ဝင် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြစဉ် (ဓာတ်ပုံ - အင်တာနက်)
    CRPP အဖွဲ့ဝင် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြစဉ် (ဓာတ်ပုံ – အင်တာနက်)

    ၄င်းတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDမှ ဦးတင်ဦး၊ ဦးဝင်းတင်၊ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်Arakan League for Democracy(ALD)မှ ဦးအေးသာအောင်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)မှ နိုင်ငွေသိမ်း၊ ဇိုမီအမျိုးသားကွန်ကရက် Zomi National Congress မှ ဦးပူကျင့်ရှင်းထန်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် Shan National League for Democracy SNLDမှ စိုင်းစောအောင်တို့ ပါဝင်သည်ဟုသိရသည်။

    “ဖမ်းထားတဲ့လူတွေကို လွှတ်ပေးဖို့၊ အနှစ် ၆၀ လောက်ရှိတဲ့ တိုင်းရင်းသားဒေသက တိုက်ပွဲတွေ ရပ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အဲဒါတွေကို တင်ပြကြတာပေါ့” ဟု မစ္စစ် ကလင်တန်နှင့် တွေ့ဆုံခဲ့သူ ဥက္ကဋ္ဌနိုင်ငွေသိမ်းက ပြောသည်။

    ယခုတွေ့ဆုံမှုသည် ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အနေနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငွေသိမ်းက ပြောသည်။

    ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် လွှတ်တော် ခေါ်ယူနိုင်ရေး ဟူသော ရည်ရွယ် ချက်နှင့် NLDနှင့် ရှမ်း၊ မွန်၊ ရခိုင်၊ ဇိုမီး၊ ကိုးကန့် တိုင်းရင်းသားပါတီများ၊ တသီးပုဂ္ဂလ အမတ်များဖြင့် CRPP ကို ၁၉၉၈ ခု စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ဟီလာရီ ကလင်တန်သည် သူမ၏ နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ထိ ခရီးစဉ်းအတွင်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်တို့နှင့် တွေ့ဆုံခဲ့သည်။

    သမ္မတ ဦးသိန်းစိန်သည် ကလင်တန်နှင့် တွေ့ဆုံစဉ် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နိုင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုသည် အစပြုရုံသာရှိသေးသဖြင့် လုံလောက်မှုမရှိသေးကြောင်း ကလင်တန်က ပြန်လည် အသိပေး ပြောကြားခဲ့သည်။

    အနှစ် ၅၀ အတွင်း ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    ကလင်တန်သည် နေပြည်တော်ရှိ အစိုးရအဖွဲ့အစည်းများနှင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိကာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ကြောင်း ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ညစာစားခဲ့သည်ဟု သတင်းများတွင်ဖေါ်ပြကြသည်။

    ယနေ့ညနေပိုင်းတွင် ဟီလာရီကလင်တန်သည် သူမ၏လေယာဉ်ခရီးစဉ်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks