Thursday, March 19, 2026
More
    spot_img
    Homeသတင်းထိုင်း ရေမြုပ်ဒေသမှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်သို့ အုပ်စုလိုက် ပြန်နေကြ

    ထိုင်း ရေမြုပ်ဒေသမှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်သို့ အုပ်စုလိုက် ပြန်နေကြ

    -

    ရိုင်မရော့ – ထိုင်းနိုင်ငံတွင် ရေမြုပ်နေသည့်ဒေသများအတွင်း နေထိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်သို့ အုပ်စုအလိုက် ပြန်နေကြသည်။
    ဘန်ကောက်မြို့နားတဝိုက်ရှိ ရမြုပ်နေသည့် မြင်ကွင်း ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ဘန်ကောက်မြို့နားတဝိုက်ရှိ ရေမြုပ်နေသည့် မြင်ကွင်း ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    ဘန်ကောက်မြို့နားတဝိုက်ရှိ ပထုံဌာနီ၊ နွံထပူရီ၊ ချွန်ပူရီ၊ အယုဒ္ဓယဒေသမှာ ရေမြုပ်နေသည့်အတွက် လနှင့် ချီပြီး ပိတ်ထားရသည့် စက်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေရပ်သို့ ပြန်နေကြခြင်းဖြစ်သည်။

    ပထုံဌာနီဒေသရှိ ရွေ့ပြောင်းအလုပ်သမား ကိုတင်အောင်ထွန်းက “ပထုံဌာနီက ဗမာပြည်သားတွေ နေ့တိုင်းလိုလို ပြန်နေကြတယ်၊ မနေ့ကတောင် အသိထဲက ၁၀ ယောက် ပြန်သွားတယ်၊ ကျနော်တို့လည်း အခြေအနေကြည့်နေတယ်၊ နောက် တပတ် နှစ်ပတ်လောက်နေ ရေက မကျသေးဘူး အခြေအနေ မကောင်းသေးဘူးဆိုရင် ကျနော်တို့လည်း ပြန်မယ်” ဟု ပြောသည်။

    ငွေကြေးသက်နိုင်သူများနှင့် ထိုင်းနိုင်ငံသို့ နှစ်အတော်ကြာ အလုပ်လုပ်လာခဲ့သူများ ပြန်နေကြပေမယ့်လည်း လပိုင်းသာ ရောက်ရှိလာသည့် အချို့အလုပ်သမားအတွက် နေရပ်သို့ ပြန်ချင်ကြသော်လည်း မပြန်နိုင်ပဲ ဖြစ်နေကြောင်း ၄င်းက ပြောသည်။

    သူက “တချို့ဆို လမ်းစရိတ်တောင် မကြေသေးဘူး ဘယ်လိုပြန်မှာလဲ ဒီလိုပဲ အခက်အခဲကြားမှာ ရေပြန်ကျလာတဲ့အထိတော့ စောင့်ရမယ်ပေါ့” ဟု ပြောသည်။

    ပထုံဌာနီတွင် အလုပ်လုပ်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရေဘေးကြုံတွေ့နေရပြီး၊ ရေစကြီးစဉ်က စက်ရုံမှ နေထိုင်ရန် စီစဉ်ပေးခြင်းမှလွဲ၍ မည်သည့်အကူအညီမှမရရှိပဲ စားသောက်ရေးနှင့် သွားလာရေးအတွက် ကိုယ့်အစီအစဉ်နှင့်ကိုယ် ရုန်းကန်နေရကြောင်း အလုပ်သမားများက ပြောသည်။

    သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်ကစပြီး အစားအသောက်၊ ရေ၊ အစရှိသည့် အကူအညီများ ရရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။

    “တနေ့ တနေ့ ပြန်တဲ့လူတွေက ရာဂဏန်းလောက်ရှိတယ်၊ သူတို့ ပြန်တယ်ဆိုတာကလည်း လက်ရှိ ကြုံနေရတဲ့ ရေဘေး ပြီးတော့ အလုပ်မရှိ၊ နောက်တခုက ရေက ကျဖို့အလားလာမမြင်သေးဘူး နောက်ထပ် တလလောက် ဆက်ကြီးအုံးမယ်ဆိုပြီး အရေးပေါ် ကြေငြာထားတာကြောင့်လည်း လူတွေ အခုလို အစုလိုက် ပြန်နေကြတာ” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ပြောသည်။

    ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း နှစ်သန်းခန့် ရှိသည်ဟု အလုပ်သမားကူညီရေးအဖွဲ့များက ခန့်မှန်းထားကြသည်။

    ရေလွှမ်းမိုးခံနေရသည့်ဒေသများအနက် အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်ဒေသများတွင် ရေကြီးမှုဒဏ်ကို အပြင်းထန်ဆုံး ခံနေရသည်။
    နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာပြီး ဆည်ရေဖောက်ချကာ ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ခရိုင် ၆၁ ခု ရေမြုပ်ကာ သောင်းနှင့် ချီသည့် စက်ရုံများလည်း ပိတ်ထားရသည်။
    ထိုင်းနိုင်ငံတွင် နှစ်ပေါင်း (၅၀) အတွင်း အဆိုး၀ါးဆုံး ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် လူ (၃၄၂) ယောက် သေဆုံးမှု ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks